ပုလော၊ ဧပြီ ၁၉
တနင်္သာရီတိုင်း ပုလောမြို့နယ် ပလောက်မြို့ တံတားကြီးအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ၄ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက် နေ့လည် ၁ နာရီအချိန်ခန့်မှာ အင်အား ၃၀ ဝန်းကျင်နဲ့ ပလောက်မြို့ တံတားကြီးအနီးရှိ စစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦး ထက်မနည်း မျက်မြင်ထိခိုက်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသခံတွေ ပြောပြချက်အရ တံတားကြီး စစ်ဆေးရေးဂိတ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုကြပေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
တံတားဂိတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကူတွေ ထပ်မံရောက်ရှိလာတဲ့အတွက် မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေ တပ်စွဲလေ့ရှိတဲ့ ပလောက်မြို့ အနောက်ကမ်း အုပ်ချုပ်ရေးမှူးစုကန်ရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ညနေ ၄ နာရီ အချိန်ခန့်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပလောက်မြို့ ပြည်သူ့ဆေးရုံမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပလောက်မြို့ရှိ ပြည်သူ့ဆေးရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ကလေးကုသဆောင်ပေါ်မှာ ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၁ ဦးနဲ့ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုလောမြို့နယ် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက အဲ့ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ဒရုန်းတပ်ဖွဲ့ ပါဝင်ခဲ့ခြင်းမရှိသလို စစ်တပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆေးရုံပေါ်ကျမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အခြေအမြစ်မရှိ စွပ် စွဲတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကလည်း ပလမြို့အဝင် ဆိုင်းဘုတ်အနီးမှာ အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Palaw PDF