မော်လမြိုင် ၊ ဧပြီ ၁၂

မွန်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဌာနဆိုင်ရာရုံးအများစုဟာ အရင်လိုပုံမှန်အတိုင်း ရုံးလုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘဲ ဟန်ပြလောက်သာ လည်ပတ်နေရတယ်လို့ အမည်မဖော်လိုတဲ့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေအပါအဝင် စစ်ကောင်စီခန့် ဝန်ကြီးတွေ ရုံးထိုင်တဲ့ မွန်ပြည်နယ်အစိုးရရုံးကအစ ရုံးလုပ်ငန်းတွေကို ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့ဘဲ အုပ်ချုပ်ရေးကဏ္ဍတချို့ ရပ်တန့်လာခဲ့တာပါ။

မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရရုံးမှာတော့ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တစ်ဦးသာ ပုံမှန်ရုံးတက်လေ့ရှိပြီး ကျန်တဲ့စစ်ကောင်စီခန့် ဝန်ကြီးတွေက ရုံးတက်ရောက်တာမရှိတဲ့အတွက် အမြဲတမ်းလိုလို ရုံးခန်းသော့ခတ်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

Non CDM ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ ပြည်နယ်အစိုးရရုံးမှာ စစ်ကောင်စီခန့် ဝန်ကြီးအများစု ရုံးထိုင်တာမရှိပေမယ့် ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေမှာတော့ အစုအလိုက် ဓာတ်ပုံရိုက်ပြီးနောက် လူစုပြန်ခွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီခန့် ဝန်ကြီးတွေရဲ့ ရုံးအတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေကို ရုံးလုပ် ငန်းတွေ မလုပ်ခိုင်းတော့ဘဲ အခန်း ၂ ခန်းထဲမှာပဲ စုပေါင်းထားရှိထားပြီး ဝန်ကြီးဌာနလက်အောက်က ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုလည်း လုပ်ချင်ရာ လုပ်ပိုင်ခွင့်ပေးထားတယ်လို့ Non CDM ဝန် ထမ်းတွေက ပြောပြပါတယ်။

အခုလို စစ်ကောင်စီက ဌာနဆိုင်ရာတွေကို မထိန်းချုပ်ဘဲ လုပ်ပိုင်ခွင့်တွေပေးထားတာကြောင့် ဌာနဆိုင်ရာရုံးတွေအတွင်း လာဘ်ပေးလာဘ်ယူမှုတွေ အကြီးအကျယ် ဖြစ်ပွားနေသလို တိုင်ကြားပါကလည်း အရေးယူဆောင်ရွက်ပေးတာ မရှိဘူးလို့ သိရပါတယ်။

ဌာနဆိုင်ရာအများစု အရင်လို မလည်ပတ်နိုင်တဲ့အတွက် ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ နေရာမှာ အရင်ကထက် ပိုမိုကြန့်ကြာမှုတွေ ရှိလာသလို ငွေကြေးပေးဆောင်သူတွေကိုသာ ဦးစားပေး လုပ် ဆောင်ပေးနေတယ်လို့ Non CDM ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တဖက်မှာလည်း မွန်ပြည်နယ်အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာ အပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကအစ တိုက် ခိုက်ခံရတဲ့အတွက် ရုံးအများစု ပိတ်သိမ်းထားရတာ ဖြစ်ပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အာဏာသိမ်းသုံးနှစ်ပြည့်အစီရင်ခံစာအရ စစ်ကောင်စီလက်ထက် ပြည်သူ့ဝန်ဆောင်မှုတွေမှာ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုနဲ့ လာဘ်စားမှုတွေဟာ ပြည်သူအများဆုံး ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အကြီးမားဆုံးပြဿနာ တစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.