မြဝတီ၊ ဧပြီ ၁၁

ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ခလရ ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ် ၂ တံတားမှာ ပုန်းရှောင်လျက်ရှိပြီး ထိုင်းနိုင်ငံထဲထွက်ပြေးဖို့ စီစဉ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြဝတီမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို KNLA ပူးပေါင်းအဖွဲ့က ဧပြီ ၈ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီ ၁၁ ရက်နေ့ မနက် ၄ နာရီ ၂၀ မိနစ်မှာ တပ်ရင်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားတာပါ။

တပ်ရင်းဌာနချုပ် တိုက်ခိုက်သိမ်းပိုက်ရရှိမှုအတွင်း လက်နက်ကြီးလက်နက်ငယ်အများအပြား ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပုံနဲ့တကွ ဖော်ပြထားတာ တွေ့ရပါတယ်။

ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ခလရ ၂၇၅ တပ်ကို KNLA ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ပြီးတဲ့နောက် မနက် ၁၀ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်က ခလရ ၂၇၅ ပတ်ဝန်းကျင်နေရာတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ မြေပြင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။

လက်ရှိမှာတော့ ခလရ ၂၇၅ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဝင်းမှာ သွားရောက်ပုန်းရှောင်ပြီး ထိုင်းနိုင်ငံဘက်ကို သွားရောက်ခိုလှုံဖို့ စီစဉ်လျက်ရှိနေပေမယ့် သွားရောက်နိုင်ခြင်းမရှိသေးပဲ ပိတ်မိနေတယ်လို့ KNU ဗဟိုက ဆိုထားပါတယ်။

အမှတ် ၂ တံတားမှာ ပိတ်မိနေလျက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေက ပြည်သူလူထုကို လက်နက်နဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အဲဒီနေရာအနီးတဝိုက်မှာ သွားရောက်တာတွေ မပြုလုပ်ဖို့ KNU က အသိပေးထားတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ နေ့ခင်းဘက်မှာ ထိုင်းဘက်ခြမ်းကို ကားနဲ့ရောက်ရှိလာတာ တွေ့ရပြီး အမှတ် ၂ တံတားဝင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ ၁၀၀ ကျော် ရှိနိုင်တယ်လို့ နယ်စပ်သတင်းရင်း မြစ်တွေက ပြောကြပါတယ်။

မြဝတီမြို့ စစ်ရေးတိုက်ပွဲအခြေအနေကြောင့် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ယာ ယီပိတ်ထားပြီး အမှတ် ၁ ချစ်ကြည်ရေးတံတားကတော့ ပိတ်ထားခြင်းမရှိဘဲ ပြည်သူလူထုတွေက ထိုင်းဘက်ခြမ်းကို ဖြတ်သန်းဝင်ရောက်မှု များပြားလာတယ်လို့ နယ်စပ်သတင်းရင်းမြစ်က ဆိုပါတယ်။

လက်ရှိ မြဝတီမြို့ပေါ်မှာ ကရင်နယ်ခြားစောင့်တပ် BGF ၊ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA အစရှိတဲ့ ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေက ကင်းလှည့်နေရာယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြဝတီမြို့မကျရေးအတွက် စစ်ကူပို့လာနေပြီး လက်ရှိမှာ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နဲ့ အနီးပတ်ဝန်းကျင်ရွာတွေမှာသာ ရောက်ရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Reporter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.