မော်လမြိုင်၊ ဧပြီ ၁၁
ပြည်တွင်းရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ တိုင်းပြည်မတည်ငြိမ်မှုတွေကြောင့် မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၄၈ သိန်းအထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာခဲ့တယ်လို့ ရွှေလုပ်ငန်းလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၁ ရက်နေ့က တစ်ကျပ်သား ကျပ် ၄၄ သိန်းဝန်းကျင်မှာသာရှိခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ဧပြီ ၁၀ ရက်နေ့မှာတော့ တစ်ကျပ်သားကို ကျပ် ၄၈ သိန်းကျော်အထိ စံချိန်တင်ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။
ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေနဲ့ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းမြင်တင့်တက်လာတာ၊ ပြည်တွင်းမှာ ရွှေဝယ်ယူ စုဆောင်းမှုတွေ များနေတာကြောင့် ဈေးနှုန်းအဆမတန်မြင့်တက်လာတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။
ရွှေလုပ်ငန်းရှင်တစ်ဦးက ရွှေဈေးနှုန်းဟာ သင်္ကြန်ရောက်တိုင်း ဈေးနှုန်းမြင့်တက်တာတွေ ရှိပေမယ့် ဒီနှစ် လောက်အထိ ဈေးနှုန်းကြီးမြင့်တက်လာတဲ့ အခြေအနေ တစ်ခါမှမကြုံဖူးသေးဘူးလို့ ပြောပါတယ်။
ရွှေဈေးနှုန်းတွေ အဆမတန်ဈေးနှုန်းမြင့်တက်လာပေမယ့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၄၀ ရည်ညွန်းဈေးနှုန်းသတ်မှတ်ထားတာကြောင့် ပြည်ပဈေးကွက်နဲ့ ကျပ် ၈ သိန်းကျော် ကွာဟနေတာပါ။
စစ်ကောင်စီ ဗဟိုဘဏ်က ရွှေဈေးကစားသူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ မတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပေမယ့် လက်ရှိအချိန်အထိ ရွှေဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ