ကျိုက်မရော ၊ ဧပြီ ၁၂
ပြည်နယ်နှစ်ခုကြား ကွေ့ကောက်စွာ စီးဆင်းနေတဲ့ ဂျိုင်းမြစ်ရဲ့ တောင်ဘက် မြစ်ကမ်းနားဘေးအနီးတဝိုက်က မွန်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ စစ်ကြောင်းတွေနဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
မွန်နဲ့ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို လက်နက်ကိုင်မဟာ မိတ်တပ်ဖွဲ့ တွေက မတ် ၂၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက အနီးတဝိုက်ကျေးရွာတွေကို မကြာခဏ ပစ်မှတ်ထားချေမှုန်းလာနေတာပါ။
စစ်ကောင်စီရဲ့ ကြည်းကြောင်းကနေ ကျိုက်မရောမြို့နယ်ရှိ တရနာရွာနဲ့သံကလောင်ရွာမှာ အင်အား ၂၀၀ ဝန်းကျင်လောက် တပ်စွဲထားပြီး မီးလောင်ပြင်ဖြစ်ခဲ့ရတဲ့ ဓမ္မသကျေးရွာအပြင်ဘက်မှာလည်း ဝင်ရောက်လှုပ်ရှားနိုင်ဖို့ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ ဂျိုင်းမြစ်ကြောင်းအတွင်း တာဝေးပစ်လက်နက်ကြီးတွေ အမြောက်တွေ တပ်ဆင်ထားတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောနှစ်စင်းထက်မနည်း လက်နက်ကြီးပစ်ကူပေးနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
လက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ကော့ဘိန်းရဲစခန်းကို သိမ်းပိုက်ပြီးနောက်ပိုင်း ဓမ္မသရွာအတွင်း ဝင်ရောက်လှုပ်ရှားမှု ရှိနေတဲ့အတွက် တရနာရွာနဲ့ သံကလောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့နဲ့ ကြိုကြား၊ ကြိုကြားပစ်ခတ်မှုတွေလည်း ရှိနေတာပါ။
ပြည်နယ်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ဂျိုင်းမြစ်ဒေသကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တကယ်တိုက်နိုင်ရင် စစ်ကောင်စီအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အခြေအနေ ဆိုးရွားသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဂျိုင်းမြစ်တစ်လျှောက်ဒေသက ပြန်လည်ရရှိဖို့ စစ်ကောင်စီအတွက် အင်မတန်မှအရေးကြီးတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် သူတို့ရဲ့ လုံခြုံရေးတွေ မော်လမြိုင် အရှေ့တောင်တိုင်း အဲဒါအပြင် အထူးအရေးကြီးတာက မော်လမြိုင်နဲ့ ရန်ကုန်ကို ဆက်သွယ်ထားတဲ့ ရေလမ်း၊ ကြည်းလမ်းကြောင်းတွေကို အကုန်လုံး တော်လှန်ရေးဘက်က ဖြတ်တောက်သွားနိုင်မယ်ဆိုရင် မြန်မာပြည်တောင်ပိုင်းတစ် ခြမ်းလုံးက အတော်လေး သူတို့အတွက် အခြေအနေ ဆိုးသွားနိုင်တယ်။ ဂျိုင်းမြစ်ကို တကယ်တိုက်နိုင်ပြီဆိုရင် မော်လမြိုင်နဲ့ အရှေ့တောင်တိုင်းအခြေအနေက တော်တော်လေးကို ဆိုးရွားသွားနိုင်တယ်”လို့ ဆိုပါတယ်။
ဂျိုင်းမြစ်တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD ရဲ့ ထုတ်ပြန်ချက်အရ ဧပြီ ၈ ရက်နေ့က ဓမ္မသကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်မဟာမိတ်ပူးပေါင်းတပ်တို့ကြား ကျေးရွာအပြင်ဘက်မှာ နေ့လည် ၂ နာရီကနေ ညနေ ၆ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်း ထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်တပ်ဟာ လေကြောင်း၊ ရေကြောင်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ည ၉ နာရီဝန်းကျင်မှာတော့ ဓမ္မသရွာတောင်ခြေ ဘုရားအနီးတဝိုက်ကို ပေါင် ၅၀၀ ဗုံးသုံးလုံးကြဲချပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တစ်ဘက်မှာ ဒေသခံပြည်သူတွေရဲ့ ပစ္စည်းပျောက်ဆုံးမှုနဲ့ အသက်အန္တရာယ် မရှိစေဖို့ ဧပြီ ၅ ရက်နေ့ကစပြီး လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကျေးရွာအတွင်း ဝင်ထွက်သွားလာခွင့် ကန့်သတ်ထားတယ်လို့ ဓမ္မသရွာခံတစ်ဦးက ဆိုပါတယ်။
ဒါကြောင့် ဂျိုင်းမြစ်ဒေသက တိုက်ပွဲတွေ ဒီလောက်နဲ့တင် ပြီးသွားဖို့ ငြိမ်းချမ်းသွားဖို့ ဆုတောင်းရုံကလွဲပြီး ဘာမှလုပ်လို့ မရဘူးလို့ အဲဒီဒေသခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလောက်ပဲ ပြီးသွားဖို့ ငြိမ်းချမ်းသွားဖို့ ကျွန်တော်တို့ ဆုတောင်းရမှာပေါ့။ မိုးရွာရင်လည်း ဒုက္ခ ရောက်မှာပေါ့။ (မီးဘေးသင့် စစ်ဘေးရှောင်) ပြည်သူတွေက နေတဲ့နေရာမှာ မရှိတာ အိမ်ဆောက်လည်းမရဘူး။ ရွာထဲဝင်မရဘူး။ ကျွန်တော်တို့ နေတဲ့နေရာတော့ ဘယ်လိုလုပ်ရမလဲ။ တချို့လူက ပိုက်ဆံလည်း မီးလောင်တယ်၊ ဆိုင်ကယ်တို့ကအစပေါ့။ ဆုပဲတောင်းရတော့မယ်။ ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံရမှုအပြီး မတ် ၂၇ ရက်နေ့မှာ ဓမ္မသရွာကို ကြည်း၊ ရေ၊ လေ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး အရပ်သားတစ်ချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
ကျိုက်မရောမြို့နယ်ရှိ ဓမ္မသရွာဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို လုံခြုံရေး၊ ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုတွေ လုပ်ဆောင်ရတဲ့ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ် ဌာနချုပ်နဲ့ ၁၉ မိုင်ကျော်သာ ကွာဝေးတာပါ။
ဒါကြောင့် စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဓမ္မသကျေးရွာကနေတဆင့် တရနာကိုဖြတ်ပြီး ခရုံဂူလမ်းဝကနေ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဝင်ရောက်မလာနိုင်ဖို့ ကြည်း၊ ရေ၊ လေတပ်တွေနဲ့ တားဆီးပိတ်ဆို့နေတာ ဖြစ်ပါတယ်။
ဒီအခြေအနေဟာ ဂျိုင်းမြစ်တောင်ဘက်က ကျေးရွာနေအရပ်သားပြည်သူလူထုကို စစ်ဘေးကြောင့် နေရပ်စွန့် ခွာတိမ်းရှောင်စေခဲ့သလို ပြည်သူတွေရဲ့ အသက်နဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကိုလည်း ထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့တာပါ။
စစ်ရေးအကဲခတ်တချို့ကတော့ ဂျိုင်းဒေသ စစ်မျက်နှာကို စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ဖိအားအစုံနဲ့ တန်ပြန်တိုက်ခိုက်မှုတွေ လျော့ကျလာနိုင်ဖို့ ပြည်နယ်တောင်ပိုင်းမှာလည်း စစ်မျက်နှာဖွင့်ဖို့ ထောက်ပြတာတွေလည်း ရှိနေပြန်ပါတယ်။
နိုင်နဂါးကတော့ တောင်ပိုင်းမှာ စစ်မျက်နှာဖွင့်လို့ လိုအပ်တာကို လုံးဝလက်ခံပေမယ့် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ ဆိုပါတယ်။
“မွန်တောင်ပိုင်းဘက်မှာ စစ်မျက်နှာတွေ ဖွင့်ဖို့လိုတယ်ဆိုတာ လုံးဝလက်ခံပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်တဲ့အခြေအနေ အတိုင်းအတာတစ်ခုအထိ အကောင်းဆုံး တိုက်နေပါတယ်။ သို့ပါသော်လည်း လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ တိုက်ပွဲတွေကို ဖော်ဆောင်နိုင်ဖို့ အခြေအနေ ကျွန်တော်တို့မှာ မရှိတဲ့အတွက်ကြောင့်လို့ ပွင့်လင်းစွာ ပြောကြားလိုပါတယ်ခင်ဗျ”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ လက်နက်ကြီးပစ်ခတ်မှုတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ဧပြီ ၉ ရက်နေ့က တရနာကျေးရွာ ကျွန်းကုန်းပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ရွှေ့ပြောင်းလုပ်သားတွေနေထိုင်တဲ့ နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် ဧပြီ ၁၀ ရက်နေ့မှာလည်း ခရုံဂူကနေ တရနာရွာမရောက်ခင် ကော့သပ်၊ ကော့စွယ်ကျေး ရွာဘက်မှာ စစ်ကောင်စီရဲ့ ရေကြောင်း၊ လေကြောင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်တွေအပြင် ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။
လက်ရှိမှာတော့ ဂျိုင်းမြစ်တစ်လျှောက်က ကော့ဘိန်း၊ကော့ပေါက်၊ဘုရားကြီး၊ သံကလောင်၊ဓမ္မသ၊တရနာ၊ ကော့သပ်၊ကော့စွယ်၊ကော့နွတ် စတဲ့ ကျေးရွာတွင်းရှိ အရပ်သားပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာ ရက်ပေါင်း ၂၀ နီးပါး ရှိလာနေပြီး ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ