ကျိုက်မရော၊ ဧပြီ ၁၂

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာအရှေ့ဘက် ရော်ဘာခြံအတွင်းမှာ ဧပြီ ၁၁ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က ဒေသခံလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တောင်ကလေးကျေးရွာနေ အသက် ၁၅ နှစ်အရွယ် ဒေသခံလူငယ် မောင်ဇင်မင်းခန့်ဟာ ရော်ဘာအစေးသွားကောက်ဖို့ သွားစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် မောင်ဇင်မင်းခန့်ဟာ ခြေထောက်နဲ့လက်တွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တဲ့အတွက် မော်လမြိုင်မြို့က ကုတင် ၃၀၀ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

တောင်ကလေးကျေးရွာအနီး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေရှိနေပြီး ဒေသခံအများစု ရော်ဘာခြံတွေထဲ မသွားရဲကြတော့ဘူးလို့ ဆိုပါတယ်။

တောင်ကလေးကျေးရွာဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းကျေးရွာအနီး တောစပ်မှာ နတ်မြှားခုတ်ဖို့သွားတဲ့ ရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး စိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း မွန် ပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.