တီဟီရန်၊ ဧပြီ ၃

အကြီးတန်း တပ်မှူး ၃ ဦးအပါအဝင် စစ်ဘက်ဆိုင်ရာအကြံပေးအရာရှိ ၇ ဦးသေဆုံးခဲ့တဲ့ ဆီးရီးယားအခြေခံ အီရန်သံရုံးတိုက်ခိုက်ခံရမှုဟာ အစ္စရေးရဲ့ လက်ချက်ဖြစ်တယ်လို့ အီရန် အစိုးရက စွပ်စွဲလိုက်ပါတယ်။

အစ္စရေးတိုက်လေယာဉ်တွေလို့ ထင်မှတ်ရတဲ့ တိုက်လေယာဉ်တွေဟာ အီရန်သံရုံးကိုတိုက်ခိုက် ခဲ့တဲ့အတွက် အစ္စရေးနဲ့ သူ့ရဲ့ဒေသတွင်းရန်သူတွေကြား တိုက်ခိုက်မှုအရှိန်ပိုမြင့်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

ဒမက်စကပ်မြို့ မီဇာဒေသရှိ သံရုံးဝင်းတစ်ခုအတွင်း အီရန်သံရုံးအဓိက အဆောက်အအုံနဲ့ တွဲလျက်ရှိတဲ့ အဆောက်အဦးတစ်ခု ပျက်စီးသွားခဲ့ပြီး အဆောက်အဦး အပျက်အစီးတွေအနီးက အလံတိုင်မှာ အီရန်အလံစိုက်ထူထားတာကိုလည်း တွေ့ရပါတယ်။

အပြစ်မဲ့သူ အများကြီးသေဆုံးခဲ့ရတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုအပေါ် မိမိတို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆီးရီးယားပြည်ထဲရေးဝန်ကြီးကို ဘေးမှာထားပြီး နိုင်ငံခြားရေး ဝန်ကြီး ဖိုင်ဆောမက်ခဒက်က ပြောခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးက လေကြောင်းတိုက်ခိုက်မှုကြောင့် သံရုံးဝင်းထဲက ကောင်စစ်ဝန်အဆောက်အအဦး ပျက်စီးသွားခဲ့ပြီး ဒီအဆောက်အဦးရဲ့ အပေါ်ဆုံးနှစ်ထပ်ဟာ လူနေထိုင်တဲ့ အထပ်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။

နိုင်ငံခြား ထောက်လှမ်းရေးနဲ့ စစ်တပ်ပိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ Quds Force ရဲ့တပ်မှူး မိုဟာမက်ရီဇာ ဇာဟီဒီအပါအဝင် အီရန်စစ်ရေးအကြံပေး ၇ ဦးသေဆုံးခဲ့တယ်လို့ အီရန် အစ္စလာမ်စ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ကြေညာချက်တစ်ရပ်မှာ ဖော်ပြထားတာပါ။

ဆီးရီးယားရှိ အီရန်ရဲ့ စစ်ရေးဆိုင်ရာ တပ်ဆင်ထားမှုတွေနဲ့ အီရန်ကိုယ်စားတပ်ဖွဲ့တွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်နေတာကြာပြီဖြစ်ပြီး ဧပြီ ၁ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုဟာ သံရုံးဝင်းထဲကို ပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်တယ်လို့ သိရပါတယ်။

ဟားမာ့စ်စစ်ပွဲနဲ့အတူ အီရန်ကိုယ်စားတပ်ဖွဲ့တွေကို အစ္စရေးက လက်တလောအရှိန်မြှင့်တိုက်ခိုက် နေတာပါ။

အစ္စရေးစစ်တပ်က ဆီးရီးယားမှာပြုလုပ်တဲ့ စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆို လေ့မရှိဘဲ ဧပြီ ၁ ရက်နေ့က ဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကိုလည်း အစ္စရေးစစ်တပ်က နိုင်ငံခြားမီဒီယာက ဖော်ပြထားတဲ့ သတင်းတွေကို ဆွေးနွေးမှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါ တယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်အကြီးတန်း တပ်မှူးတွေ အပါအဝင် အဆောက်အဦးထဲ ရှိနေသူ အားလုံးသေဆုံးခဲ့တယ်လို့ အရှေ့အလယ်ပိုင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.