ဘူးသီးတောင်၊ မတ် ၂၉
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နဲ့ အမ်းမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၃ ဦး သေဆုံးခဲ့ပြီး တပ်စခန်း ၁ ခု သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က မနေ့ မတ် ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၅ ရက် မနက် ၁၁ နာရီအချိန်ခွဲခန့်မှာ ဘူးသီးတောင် ဗျူဟာလက်အောက်ခံ၊ ခလရ ၂၃၄ တပ်ရင်းမှ အင်အား ၅၀ ဝန်းကျင်စစ်ကြောင်းနဲ့ ရက္ခိုင့်တပ်တော်တို့ကြား ကျောက်ဖြူတောင်ကျေးရွာရဲ့ အနောက်ဘက်မှာ မိနစ်အနည်းငယ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနေ့ မတ် ၂၅ ရက်နေ့မှာပဲ ဘူးသီးတောင်မြို့နယ်ရှိ တောင်ဘဇာစခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် မတ် ၂၆ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာလည်း အမ်းမြို့နယ် လုံးကျေးရွာရဲ့ အနောက်ဘက်မှာ စကခ(၅) လက်အာက်ခံ၊ ခမရ ၃၄၆ နဲ့ အခြားတပ်တွေ စုပေါင်းထားတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရက္ခို့တပ်တော်တို့ကြား နှစ်ဖက်ထိတွေ့ ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီဘက်က ဒရုန်း၊ လေကြောင်းပစ်ကူတွေအပြင် မြေပြင်လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပေမယ့်လည်း စစ်ကောင်စီဘက်က ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်း ရမိခဲ့သလို ရက္ခိုင့်တပ်တော်ဘက်မှာ တပ်သား ၂ ဦး အသေးစားဒဏ်ရာ ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
မနေ့ မတ် ၂၈ ရက်နေ့ မနက်ပိုင်းမှာလည်း မြေပုံမြို့နယ် လွီသွန်ကျေးရွာရဲ့ အရှေ့မြောက်ဘက် တောင်ကြောမှာ အမှတ် ၃ နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ၊ ခမရ ၅၆၃ တပ်ရင်းနဲ့ ရက္ခိုင့်တပ်တော်တို့ကြား မိနစ်အနည်းငယ်အကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ဒါအပြင် မောင်တောမြို့၊ ကြိမ်းချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ယူရေး အတွက် ထိုးစစ်အရှိန်ကို တစ်ဆင့်မြှင့်ကာ တိုက်ခိုက်နေတဲ့အပြင် စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးပစ်ကူနဲ့ မရပ်မနား ခုခံလျက်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA