စိုးမိုးထိန်းချုပ်နယ်မြေ ၃၈ မြို့နယ် ရှိတယ်လို့ NUG ဝန်ကြီးချုပ်ပြော 

0
33

မော်လမြိုင် – မတ် ၂၉ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG စိုးမိုထိန်းချုပ်စီမံဆောင်ရွက်နေတဲ့ မြို့နယ် ၃၈ မြို့နယ် အထိရှိနေပြီလို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၁၂/ ၂၀၂၄ မှာ အခုလိုပြောခဲ့တာပါ။

“စိုးမိုးထိန်းချုပ်စီမံဆောင်ရွက်နေတဲ့ မြို့နယ် ၃၈ မြို့နယ်ရှိပါကြောင်း၊မူဝါဒလုပ်ငန်းစဉ် Update ရေးဆွဲမှုလုပ်ငန်း အပြီးသတ်ဆွေးနွေးနိုင်ရေးနဲ့ အစိုးရရဲံ မူဝါဒ၊လမ်းညွှန်ချက်တွေကို မလိုက်နာ ဘဲ ကိုယ့်သဘောနဲ့ကိုယ်လုပ်ဆောင်နေတဲ့ မြို့နယ်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်နဲ့ ဝန်ကြီးဌာနအချင်းချင်းပူးပေါင်းပြီး တော်လှန်ရေးကို ရှေးရှုသေချာကြပ်မတ်ထိန်းကြောင်းကြဖို့ နဲ့ စစ်ရေးအရှိန်မြှင့်တာနဲ့ တပြိုင်နက် အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေက နောက်ကလိုက်ပြီး စီမံ ပေါင်းစပ်နိုင်ဖို့တို့ကို မှာကြားလိုတယ်” လို့ NUG ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက ဖွဲ့စည်း အတည်ပြုထားတဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၁၄၇ ဖွဲ့ရှိပြီဖြစ်တယ်လို့လည်း သူက ပြောပါသေးတယ်။

ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ လမ်းညွှန်ချက်တွေ၊ချမှတ်ထားတဲ့ မူဝါဒတွေ ကို မြို့နယ်၊ခရိုင် ပအဖ တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အစုံအလင်ကို ရှင်းလင်းသိရှိအောင် ညွှန်ကြားပြီး မဟာမိတ်တော်လှန်ရေး အင်အားစုတွေဘက်က စစ်ဒေသမှူးတွေအနေနဲ့ အစိုးရရဲ့ မူဝါဒတွေကို ကြေကြေညက်ညက် နားလည်သိရှိနေစေဖို့လည်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

တော်လှန်ရေးကာလမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ယုံကြည်မှု အပြန်အလှန်တည်ဆောက်နေကြတာ ဖြစ်တဲ့အတွက် နားလည်မှု လွဲမှားစေတဲ့ ကိစ္စတွေ၊လုပ်ပိုင်ခွင့် ဘောင်ကျော်ပြီး ဆောင်ရွက်တာ တွေမရှိစေဖို့ မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေဖြစ်လာမှာကိုလည်း ကြိုတင်ကာကွယ်ကြဖို့ NUG ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

NUG အစိုးရကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်း အဝေးကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးတွေ၊ဒုတိယဝန် ကြီးတွေ၊အမြဲတမ်းအတွင်းဝန်တွေ၊တွဲဖက်အမြဲတမ်းအတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာတွေက တာဝန် ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.