ကော့ဘိန်း ၊ မတ် ၂၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မွန်းလွဲပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတဲ့ ကော့ဘိန်းရဲစခန်းကို ဒီနေ့မတ် ၂၇ ရက်နေ့ မနက် ၇ နာရီအချိန်ကစပြီး မွန်၊ ကရင်နဲ့ PDF တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အချိန်တစ်ရက်ကျော်ကြာ တိုက်ခိုက်ခဲ့တဲ့ ကော့ဘိန်းရဲစခန်းကို မနေ့မတ် ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့အတွက် စခန်းတစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းတွေအပါအဝင် စစ်အသုံးဆောင် ပစ္စည်းတွေကိုလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့သလို ဂျိုင်းမြစ်မှာ ရှိနေတဲ့ စစ်သင်္ဘောကလည်း ပစ်ကူပေးခဲ့တာပါ။

စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားနေအိမ်နဲ့ ဘုန်းကြီးကျောင်း ၊သီလရှင်ကျောင်း စတဲ့ ဘာသာရေးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကော့ဘိန်းရဲစခန်းသိမ်း တိုက်ပွဲကို မွန်ပြည်သစ်ပါတီ AD အပါအဝင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့တွေ ကျားဖြူနဲ့ ဂဠုန်စစ်ကြောင်းတို့လည်း ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.