ကော့ကရိတ်၊ မတ် ၂၄

KNU တပ်မဟာ ၇ နယ်မြေ ကော့ကရိတ်မြောက်ပိုင်း ရင်ကွဲတောင်အနီးဝန်းကျင်မှာ မတ် ၂၃ ရက် မနက်ပိုင်းကစပြီး KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

KNU တပ်မဟာ ၇ ဖားအံခရိုင် နဘူးမြို့နယ်ဖြစ်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြပတိုင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရင်ကွဲတောင်စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။

တိုက်ပွဲဖြစ်ပွားရာနေရာအနီးကို လေယာဉ်တစ်စီး လာရောက်ပျံဝဲခဲ့သလို ရင်ကွဲတောင်စခန်းအနီးရှိ မြပတိုင်ကျေးရွာတွေထဲမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာ မြပတိုင်ကျေးရွာဘုန်းကြီးကျောင်းထဲ စစ်ကောင်စီတပ်သားတွေ အများအပြား ဝင်ရောက်တပ်စွဲနေထိုင်နေပြီး တိုက်ပွဲကြောင့် မြပတိုင်၊ နောင်ထပ္ပံ၊ ခိုဘိုင်း စတဲ့ ကျေးရွာ ၃ ရွာထက်မနည်း စစ်ဘေးရှောင်နေရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ရင်ကွဲတောင်စခန်းဟာ နဘူး-တံတားကျိုး(ကော့ကရိတ်) ကားလမ်းမပေါ် မြပတိုင်ရွာအနီးမှာ တည်ရှိတာဖြစ်သလို ကော့ကရိတ်မြို့ အနောက်မြောက်ဘက် ၁၀ မိုင်ကျော်အကွာမှာ တည်ရှိတာဖြစ်ပါတယ်။

ရင်ကွဲတောင်အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြဝတီ-ထို့ကော်ကိုး-ကျုံဒိုကားလမ်းပိုင်းက ကျုံဒိုး ချောင်းဖျားလမ်းမှာ လတ်တလောမှာ အသွားအလာတွေ မပြုလုပ်ကြဖို့ ဒေသခံပြည်သူတွေ အသိပေးပြောဆိုမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာတော့ မြပတိုင်ကျေးရွာအနီးရှိ ရင်ကွဲတောင်စခန်းကို အင်အားအလုံးအရင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဲဒီတပ်စခန်းဟာ အင်အားနည်းစခန်းတစ်ခုဖြစ်တဲ့အတွက် လေယာဉ်ပစ်ကူ လိုအပ်နေတယ်လို့ ရေးသားပြောဆိုထားပါတယ်။

ရင်ကွဲတောင်စခန်းဟာ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ)နဲ့ နဘူးတပ်နယ်အကြားမှာ တည်ရှိတာဖြစ်ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ PC နဲ့ ကရင်နယ်ခြားစောင့်တပ်တို့လည်း သွားလာလှုပ်ရှားတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.