နယူးယောက်၊ မတ် ၂၄

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်ရဲ့ ဂါဇာအပစ်ခတ်ရပ်စဲရေး အဆိုပြုချက် မူကြမ်းကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

အစ္စရေးကို ဖိအားမပေးဘဲ အပစ်ရပ်ဖို့ တိုက်တွန်းတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ သူတော်ကောင်း ယောင်ဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရုရှားက ဆိုခဲ့တာပါ။

အရင်က အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုတွေကို အကြိမ်ကြိမ်ပယ်ချခဲ့တဲ့ အစ္စရေးရဲ့ အဓိက မဟာမိတ် အမေရိကန်က ချက်ချင်းအပစ်ခတ်ရပ်စဲဖို့ တောင်းဆိုမှုတစ်ခုကို ပထမဆုံးအကြိမ် အဖြစ် အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အဆိုပြုချက်ကို အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ဗြိတိန်အပါအဝင် အဖွဲ့ဝင် ၁၁ နိုင်ငံက ထောက်ခံခဲ့ပေမယ့် ရုရှားနဲ့ တရုတ်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့သလို အယ်လ်ဂျီးရီးယားကလည်း ကန့်ကွက်ခဲ့ကာ ဂူယာနာနိုင်ငံက ကြားနေခဲ့ပါတယ်။

ရုရှားသံအမတ်ကြီး ဗာဆီလီ နီဘန်ဇီယာက အမေရိကန်ဟာ အစ္စရေးကို ထိန်းချုပ်ဖို့ ဘာတစ်ခုမှ ဆောင်ရွက်တာမရှိဘူးလို့ ပြောခဲ့ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ရေးဆွဲထားတဲ့ ဂါဇာအပစ်ခတ်ရပ်စဲရေး တခြားဆုံးဖြတ်ချက် တစ်ရပ်အတွက် မတ် ၂၃ ရက်နေ့ မနက် ၁၀ နာရီမှာ နောက်ထပ်မဲခွဲဖို့ရှိတယ်လို့ သံတမန်တွေက အသိပေးထားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဂါဇာမှာ ရမာဒန်ကာလအတွင်း ချက်ချင်းအပစ်ခတ်ရပ်စဲရေး ဓားစာခံအားလုံး ပြန်လွှတ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အမြန်ပေးပို့ရေး တောင်းဆိုထားတာပါ။

လက်ရှိမှာတော့ သဘောတူညီမှု တစ်ရပ်ရရှိဖို့ အမေရိကန်က အီဂျစ်၊ကာတာတို့နဲ့အတူ ကြားဝင် စေ့စပ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့တဲ့ တရုတ်နဲ့ ရုရှားတို့ကို အပြစ်တင်ထားသလို ပြင်သစ် သမ္မတ မက်ခရွန်ကလည်း နောက်ထပ်ဆုံးဖြတ်ချက် တစ်ရပ်ထုတ်ပြန်နိုင်ဖို့ ထပ်မံကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.