ကရင်နီ၊ မတ် ၂၃

ကရင်နီပြည်နယ်မှာ စတင်ခဲ့တဲ့ မိုခါမုန်တိုင်းနဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း မြို့ ၇ မြို့အထိ ထိန်းချုပ်ထားတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့ မတ် ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဟာ မိုခါမုန်တိုင်းစစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ စတင်ခဲ့တာ ဖြစ်ပြီး အဲဒီစစ်ဆင်ရေးအတွင်း နယ်စပ်စခန်း ၇ ခုနဲ့ မယ်စဲ့မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ဒီမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီးနဲ့ မိုးဗြဲစတဲ့ မြို့ ၆ မြို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၁၁၁၁ စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ရွာသစ်မြို့၊ မော်ချီးနဲ့ မယ်စဲ့မြို့ တွေမှ စစ်ကောင်စီတပ်တွေဟာ တပ်ဆုတ်လာရပြီး လွိုင်ကော်မြို့မှာ အင်အားဖြည့်တင်းခဲ့ရပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မယ်စဲ့မြို့နယ်၊ ရှားတောမြို့နယ်နဲ့ ကရင်နီပြည်နယ် သံလွင်အရှ့ခြမ်းဒေသတို့ဟာ စစ်ကောင်စီ ကင်းစင်သွားတဲ့ဒေသတွေ ဖြစ်လာတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဟာ လက်ရှိမှာတော့ ကရင်နီပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ် ထိန်းချုပ်ဧရိယာနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာ ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.