မော်လမြိုင်၊ မတ် ၂၃

မိုင်းခွဲခံရတာကြောင့် ပျက်စီးသွားတဲ့ ရထားလမ်းပိုင်း ပြင်ဆင်မှုပြီးစီးတော့မှာ ဖြစ်တဲ့အတွက် မော်လမြိုင် – ရန်ကုန် ရထားခရီးစဉ်တွေကို မနက်ဖြန် မတ် ၂၄ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့က မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွားအနီး သိမ်ဆိပ်ဘူတာနဲ့ ဒုံးဝန်းဘူတာကြားရှိ ရထားလမ်းချောင်းကူးတံတားပေါ်မှာ ကျောက်တင်ရထားတစ်စီး မိုင်းခွဲခံရတာကြောင့် ရထားလမ်းပိုင်း ပျက်စီးခဲ့တာပါ။

ရထားလမ်းပိုင်း ပြင်ဆင်မှုဟာ ဒီနေ့ မတ် ၂၃ ရက်နေ့မှာ ပြီးပြတ်တော့မှာဖြစ်တဲ့အတွက် မနက်ဖြန်ကစပြီး မော် လမြိုင်-ရန်ကုန်နဲ့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမယ်လို့ အသိပေးထားတာပါ။

ရထားခရီးစဉ်အတွက် ရိုရိုးတန်းနဲ့ အထက်တန်း လက်မှတ်တွေကို ဒီနေ့ကစပြီး မော်လမြိုင်ဘူတာကြီးမှာ စတင်ရောင်းချပေးနေပြီး ၂ ရက်ကြို၊ ၃ ရက်ကြို လက်မှတ်တွေကိုလည်း ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်ကို မော်လမြိုင်ဘူတာမှ မနက် ၈ နာရီခွဲ စ တင်ထွက်ခွာမှာဖြစ်ပြီး ရန်ကုန်သို့ ညနေ ၆ နာရီအချိန်မှာ ဆိုက်ရောက်မယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်းတွေ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ရထားခရီးစဉ်တွေ ဖျက်သိမ်းရတာတွေ ရှိနေခဲ့တာပါ။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလအတွင်း ဘူတာရုံတွေအပါအဝင် ရထားလမ်းပိုင်း အကြိမ် ၂၀၀ နီးပါး ဖောက်ခွဲခံထားရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မော်လမြိုင်ဘူတာကြီး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.