ဘုတ်ပြင်း၊ မတ် ၂၄

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ မိုင်ကလိုဝေ့ တာဝါတိုင် တောင်ကုန်းစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံကနေ သိရပါတယ်။

တပ်အင်အား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ ပြည်ကြီးမဏ္ဍိုင်နဲ့ ဘန်ဂလောကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီရဲ့ မိုင်ကလိုဝေ့ တာဝါတိုင် တောင်ကုန်းစခန်းကို ကော်သူးလေတပ်မတော် KTLA နဲ့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က မတ် ၂၂ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့တာပါ။

အချိန် ၄ နာရီကြာမြင်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်ကျဆုံးမှု များပြားပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့အတွက် စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း ဘုတ်ပြင်းအခြေစိုက်စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီး အ ဆက်မပြတ် ပစ်ကူပေးနေတဲ့ကြားကနေ အဲဒီစခန်းကုန်းကို ညနေ ၃ နာရီခွဲအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ ၆၀ မမ စိန်ပြောင် တစ်လက်၊ MA49တွဲ တစ်လက် ၊ MA3 နှစ်လက်၊ ဗုံးသီးတွေအပါအဝင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်း ဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ်ဆန်းပိုင်းကစပြီး တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ အခုနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၅ ခုထက်မနည်း တော်လှန်ရေးအင်အားစုးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဘုတ်ပြင်းပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.