စေတုတ္တရာ – မတ် ၂၃
မကွေးတိုင်း၊စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ဂိတ်ဖွင့်ပြီး ပြည်သူတွေဆီက ဆက်ကြေးကောက်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စေတုတ္တရာမြို့နယ်က ဗူးရွာနဲ့ တပွင့်ကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချပြီး ပြည်သူတွေအပေါ် ဖိနှိပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကင်းစခန်းတွေမှာဆိုရင် နေ့စဉ်ရွာသားနှစ်ဦးက လာထိုင်ပေးရတယ်။ဘာလက်နက်မှရလို့ မဟုတ်ဘူး။ PDF တွေကလာတိုက်မှာစိုးလို့”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ကင်းလှည့်ရာမှာ စီးနင်းဖို့ ဆိုင်ကယ်တွေကိုလည်း ရွာသား တွေက ဝယ်ပေးကြရတာဖြစ်ပြီး တစ်အိမ်ကို တစ်သောင်းကျပ်ကနေ နှစ်သောင်းဝန်ကျင်အထိပေးရ တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ ကျေးရွာတွေကိုလည်း တခြားရွာက စျေးသည်တွေ စျေးလာရောင်းပါက အသားဆိုရင် နှစ်ပိဿာအထိအလကား ပေးရတယ်လို့ ဆိုပါတယ်။
ရွာထဲမှာ အလှူအတန်းရှိလို့ ဝက်၊နွားနဲ့ ကျွဲပေါ်မယ်ဆိုပါကလည်း စစ်ကောင်စီတပ်သားတွေကို ခွဲတမ်းအနေနဲ့ ပေးရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသခံတွေကို အနိုင်ကျင့်နှိပ်စက် ဆက်ကြေးကောက်နေတဲ့ ကျေးရွာတွေမှာ ပျူစောထီးတွေနဲ့ ကပစ ၂၀ တပ်က စစ်ကောင်စီတပ်သား ၁၀၀၀ ဝန်းကျင်တပ်စွဲနေတာဖြစ်ပြီး သူတို့တပ်စွဲနေတာ ဟာ ၄ လနီးပါး ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က တပွင့်ရွာကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်မကုန်ခင်မှာဘဲ စစ်ကောင်စီတပ်သားတွေ ပြန်လည်တပ်စွဲထားတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media
ပုံစာ – မကွေးတိုင်းအတွင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်