ချင်းမိုင် ၊ မတ် ၂၀

သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထု ကာကွယ်ဖို့ တာဝန်ရှိတာကို သိရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ (7 EAO Alliance) က မတ် ၁၇ ရက်နေ့မှာ ကြေညာပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ လက်ရှိ နိုင်ငံရေးအခြေအနေတွေ သုံးသပ်တာ၊ ပြင်ဆင်ရေးအလုပ်အဖွဲ့ကနေ တင်သွင်းတဲ့ နိုင်ငံရေး ဆိုင်ရာအတည်ပြုချက်တွေနဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ ဖွဲ့စည်းမှုဆိုင်ရာ ဖွဲ့စည်းပုံစည်းမျဉ်းတွေကို ဆွေးနွေးခဲ့ကြပြီး မဟာမိတ်အဖြစ် ဖွဲ့စည်းခဲ့တာပါ။

အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ဟာ လျင်မြန်ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေး၊စစ်ရေးအခြေအနေ တွေကို အကြေအလည်ဆွေးနွေးပြီး နိုင်ငံရေးသဘောထားတွေကို ချမှတ်နိုင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကတဆင့် ငြိမ်းချမ်းရေးဆိုင်ရာရလဒ်တွေ ဖော်ထုတ်နိုင်ဖို့ လူထုရဲ့ သဘောထားတွေ ဖော်ထုတ်နိုင်တဲ့ အခင်းအကျင်းတွေ ဖန်တီးတာ၊ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ လူထုကို ကာကွယ်ဖို့ တာဝန်ရှိမှုကို သိရှိစေဖို့ ဖြစ်ပါတယ်။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က လူထုအပေါ် ထိခိုက်ပျက်စီးသေကြေစေတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ တာဝန်ရှိတာကို အသိပေးနိုင်တဲ့ ပလက်ဖောင်းတစ်ခုကျယ်ပြန့်လာအောင် လုပ်ဆောင်ဖို့ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုက ပြည်သူကို ရိုးရိုးသားသား ကာကွယ်ရုံတစ်ခုသာမက သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေပေါ့၊ ဘယ်အဖွဲ့အစည်းရယ်ကို ကျွန်တော်တို့ မသိဘူး၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ပါရင်လည်း ပါလိမ့်မယ်။ဒီလိုမျိုး ပြည်သူလူထုရဲ့ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးသေကြေမှုတွေကို ဖြစ်ပေါ်စေတတ်တဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအနေနဲ့ ပြည်သူလူထုကို ကာကွယ်ဖို့ တာဝန်ရှိတယ်။အဲဒီတာဝန်ရှိတာကို ကျွန်တော်တို့ အသိပေးနိုင်တာတို့ အမြင်ဖလှယ်နိုင်တာတို့ အဲဒီလို ပလက်ဖောင်းတစ်ခုကျယ်ပြန့်လာအောင် လုပ်ဆောင်မှုရှိတယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ ထည့်သွင်းထုတ်ပြန်ခြင်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အပြစ်မဲ့လူထုတွေဟာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးခံရတာ၊ ထောင်ဒဏ်ချမှတ်ခံရတာ၊ နှစ်ဖက်တိုက်ပွဲကြား သေကြေတာ၊ မလုံခြုံမှုကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာတာ၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ငွေကြေးဖောင်း ပွမှုဒဏ်တွေကို အလူးအလဲခံစားနေကြရတာပါ။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ နိုင်ငံအနှံ့ တိုင်းရင်းသားတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် အရေးနိမ့်လာနေရတဲ့ စစ်ကောင်စီက အင်အားဖြည့်ဖို့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို အသက်သွင်းခဲ့တဲ့အတွက် လူထုကြား ရိုက်ခတ်မှု ပြင်းထန်လာနေပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး အပစ်ရပ် ၇ ဖွဲ့ရဲ့ ထိန်းချုပ်ဒေသတွင်းရှိ ပြည်သူတွေကို တစ်စုံတစ်ရာအကာကွယ်ပေးဖို့ အစီအစဉ် ရှိ မရှိ သံလွင်တိုင်းမ်က မေးမြန်းကြည့်ရာမှာ ဗိုလ်မှူးကြီး စောကျော်ညွန့်က အခုလို ပြောပါတယ်။

“လုပ်နည်းလုပ်ဟန်အသေးစိတ်တော့ ကျွန်တော်တို့အနေနဲ့ ဒီအချိန်မှာ ပြောဖို့ အဆင်သင့်မဖြစ် ဘူး။ကျွန်တော်တို့ သွားချင်တဲ့ ကျောရိုးသုံးခုထဲက အရပ်သားတွေကို အကာကွယ်ပေးရေးဆိုတဲ့ ကိစ္စရပ်မှာ စစ်ဘေးစစ်ဒဏ်ကြောင့် လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်အကျိုးဆက်ကြောင့် ပြည်သူလူထုတွေ ထိခိုက်နစ်နာမှုမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ၊ ကာကွယ်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း ကာကွယ်ဖို့ တာဝန်ရှိတဲ့အကြောင်း ကျွန်တော်တို့ ဆက်လက်အသိပေး ဖို့ ပူးပေါင်းလုပ်ဆောင်ဖို့ ရည်မှန်းချက်တွေတော့ ရှိတယ်”လို့ ဆိုပါတယ်။

မဟာမိတ် ၇ ဖွဲ့အနေနဲ့ လက်ရှိ ပဋိပက္ခကို ဖြေရှင်းရာမှာ ငြိမ်းချမ်းစွာအဖြေရှာလိုတဲ့ အင်အား စုတွေရဲ့ သဘောထားတွေ ဖော်ထုတ်နိုင်ရေးအတွက် အခင်းအကျင်းနဲ့ နည်းလမ်းတွေ ဖော်ဆောင်သွားဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

မျက်နှာစုံညီအစည်းအဝေးကနေ ချမှတ်ထားတဲ့လုပ်ငန်းစဉ် အစီအစဉ်တွေကို အကောင်အထည် ဖော်ဖို့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းတို့ ဦးဆောင်တဲ့ မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာပါ။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့အနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ ဆက်လက်ကြိုးပမ်းအား ထုတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – 7 NCA-S EAO SUMMIT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.