မော်လမြိုင်၊ မတ် ၂၀

နှစ် ၅၀ ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနားမှာ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီခွင့်ပြုချက်နဲ့ အကြီးအကျယ် ထည့်သွင်းကျင်းပနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့မတ် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနားကို အကြောင်းပြပြီး စစ်ကောင်စီဟာ တရားမဝင် လောင်းကစားဝိုင်းတွေကို ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ကတည်းက ထည့်သွင်းကျင်းပခွင့်ပေးအပ်ထားတာပါ။

မွန်ပြည်နယ်နေ့အခမ်းအနား အထိမ်းအမှတ်အဖြစ် ပြခန်းတွေကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်အနီး သမိန်ဗရမ်း ဘက်စုံသုံးကွင်းမှာ ပြသထားသသလို ပျော်ပွဲရွှင်ပွဲနဲ့ လောင်းကစားဝိုင်းတွေကိုတော့ သံလွင်ဥယျာဉ်ဝင်းအတွင်း ခွင့်ပြုပေးအပ်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ခွင့်ပြုထားတဲ့ တရားမဝင် လောင်းကစားဝိုင်းတွေထဲမှာ ဒေသအခေါ် အနီဒေါင်ဝိုင်း၊ ဆင်ဇော်နဂါး (ဂလုတ် ဂလုတ်)ဝိုင်းတွေအပါအဝင် တခြားလောင်းကစားနည်းစုံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ မွန်ပြည်နယ်နေ့ အခမ်းအနားမှာ လောင်းကစားဝိုင်းထည့်သွင်း ကျင်းပတာဟာ တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဘူးကြောင်းနဲ့ ဒီလုပ်ရပ်ဟာ သမိုင်းဆိုး မှတ်တမ်းဝင်သွားပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်ပြည်နယ်နေ့အခမ်းအနားမှာ လောင်းကစားဝိုင်းပေးတဲ့ ကိစ္စကတော့ ဒါသမိုင်းဝင်သွားပြီ၊ ကျွန်တော်တို့ တစ်သက် တာမှာ တခါမှမကြားဖူးဘူးလေ၊ ပြောမယ်ဆိုရင် ဒါလုံးဝမဖြစ်သင့်တဲ့ ကိစ္စကြီးလေ၊ ဒီလောက်ကျပ်တည်းနေတဲ့အချိန်မှာ၊ အဓိက လောင်းကစားနဲ့ ပတ်သက်လာလို့ ရှိရင် လူတွေရဲ့ အကျင့်စာရိတ္တတွေ မကောင်းတော့ဘူး၊ ခိုးဆိုးလုနှိုက်တွေ ဖြစ်လာမယ်၊ အဲ့တာ အတွက် စိတ်ပူရတာပေါ့၊ နောက် မြို့ရဲ့ သမိုင်းမှာလည်း တစ်ခါမှ မရှိခဲ့ဘူးလေ၊ မဖြစ်သင့်ဘူးပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကိုယ်တိုင်ခွင့်ပြုပေးထားတာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကအစ လုံခြုံရေးယူပေးရတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်နေ့အခမ်းအနားမှာ တရားမဝင် လောင်းကစားဝိုင်းတွေကို ထည့်သွင်းကျင်းပနေတာ ဟာ စစ်ကောင်စီရဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်နဲ့ အကျပ်တည်းဆိုက်နေတဲ့ ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်ဆောင်တာလို့  မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ဝေဖန်ပါတယ်။

သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံ ကိုအေးမင်းထွန်းကလည်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ ပြည်သူတွေ တော်လှန်ရေးထဲ စိတ်မရောက်အောင် လောင်းကစားတွေ ခွင့်ပြုပေးတာ ဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ ခိုးဆိုးလုနှိုက်တွေ ပိုများလာနိုင်တယ်လို့ ပြောပါတယ်။

“အဓိကတော့ ဒီပြည်သူတွေရဲ့ စိတ်တွေပေါ့နော်၊ ပြောင်းလဲဖို့ သူလုပ်တာပေါ့နော်၊ တော်လှန်ရေးထဲကို စိတ်တွေ မရောက်အောင်ဆိုတဲ့ နည်းအမျိုးမျိုးနဲ့ လောင်းကစား တွေကို တရားဝင် ခွင့်ပြုတဲ့ ပုံစံမျိုးတွေ လုပ်ထားတယ်၊ အမှန်ကတော့ ဆိုးကျိုးတွေ ကြီးပဲ ဖြစ်ပါတယ်၊ ဆိုတော့ အဲ့ဒီ လောင်းကစားဝိုင်းရဲ့ ဆိုးကျိုးတွေက ဆိုင်ကယ်တွေ ပျောက်တယ်၊ ပြီးတော့ လုယက်မှုတွေ ဖြစ်တယ်၊ ပိုပြီးတော့ ပြည်သူကို ခိုးတာပေါ့နော်၊ ခိုးဆိုးလုနှိုက်တွေ ပိုများ လာတာပေါ့၊ အဲ့တာတွေပဲ ဖြစ်ပေါ် လာတာပဲ ရှိတာပေါ့၊ ကောင်းကျိုးက ဘာမှ မရှိပါဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မြို့ထဲမှာ ပြုလုပ်တဲ့ မွန်ပြည်နယ်နေ့လို အခမ်းအနားမှာတောင် အခုလို လောင်းကစားဝိုင်းတွေကို တရားဝင်ခွင့်ပြုထားတာကြောင့် စစ်ကောင်စီခန့် ဝန်ကြီးချုပ်နဲ့ လောင်းကစားဒိုင်တွေမှာ အပေးအယူ ကြီးကြီးမားမား ရှိနိုင်တယ်လို့ သူက သုံးသပ်တာပါ။

အရင်က လောင်းကစားဝိုင်းတွေဟာ မော်လမြိုင်မြို့အတွင်းရှိ ပွဲလမ်းသဘင်အခမ်းအနားတွေမှာ ပြုလုပ်ခွင့်မရဘဲ ဖမ်းဆီးတာတွေ ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ပေးအပ်ထားတာပါ။

လောင်းကစားဝိုင်းတွေကြောင့် နေ့စဉ်နီးပါး ဆိုင်ကယ်ခိုးယူခံရတာတွေ၊ ဆိုင်ကယ်လုယက်ခံရ တာတွေအပြင် နေအိမ်တွေ အတွင်း ခိုးယူခံရတာတွေ ရှိပေမယ့် ခိုးဆိုးလုနှိုက်သူတွေကိုတော့ စစ်ကောင်စီအနေနဲ့ ဖမ်းဆီးရမိတာ မရှိပါဘူး။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း အုပ်ချုပ်ရေးမှူးတွေဟာ အာဏာကို အလွဲသုံးစား ပြုလုပ်ပြီး ဆိုင်ရာပိုင်ရာတွေနဲ့ပေါင်းကာ တရားဥပဒေကို လုပ်တလုံးခြားလုပ်လာကြသလို သူတို့ရဲ့ ရပ်ရွာထဲမှာလည်း လောင်းကစားဝိုင်းတွေ ဖွင့်ပြီး ပွဲတော်သဖွယ် လုပ်စားလာကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်းတွေ ပြုလုပ်တဲ့အပေါ် တိုင်းကြားပါကလည်း လာဘ်ထိုးပြီး တရား ခွင်ကိုအနိုင်ယူတက်သလို တိုင်တန်းသူကသာ ဘေးဥပါဒ်ရောက်ကြပြီး အကြောက် တရားနဲ့ အုပ်ချုပ်ခံနေရကာ သည်းခံနေကြရုံမှတပါး တုံ့ပြန်နိုင်စွမ်း မရှိကြဘူးလို့ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ –

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.