ကြာအင်းဆိပ်ကြီး၊ မတ် ၂၀

ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပိုင်ခလိုင်ကျေးရွာဟောင်း မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။

မနေ့မတ် ၁၉ ရက်နေ့ နေ့လည်ပိုင်းအချိန်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၄၈ ဦးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့ အတူ ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ် ပိုင်ခလိုင်ရွာထဲ ထွက်ပြေးရောက်ရှိလာတယ်လို့ မြေပြင်သတင်း ရင်းမြစ်က ပြောပါတယ်။

ထိုင်းဘက်ကို ထွက်ပြေးရောက်ရှိလာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိုင်း-မြန်မာနယ်စပ် အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက ဖြစ်ပြီး ထွက်ပြေးရောက်ရှိလာတဲ့ စစ်ကောင်စီ တပ်သားတွေကို ဥယျာဉ်ခြံတစ်ခြံအတွင်းမှာ ထိုင်းစစ်သားတွေက ထိန်းသိမ်းထားပြီး လက်နက်  ခဲယမ်း အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ စစ်ကောင်စီဗျူဟာကုန်းကို KNLA ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

အဲဒီနောက် ကျိုက်ဒုံမြို့အထက်ဘက် နယ်စပ်အနီးရှိ ပိုင်ခလိုင်ကျေးရွာဟောင်းဘက်မှာ စစ်ရေးတိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့က ကျိုက်ဒုံမြို့အထက်ဘက်ရှိ အဇင်းကျေးရွာမှာ စစ်ဘေးရှောင်ပြည်သူ ၂ ဦးသေဆုံးသွားခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့သလို လူနေအိမ်နဲ့ စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

KNU  ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို စခန်းသိမ်းတိုက်ပွဲနဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ဆင်နွဲတိုက်ခိုက်လျက်ရှိနေတယ်လို့ တပ်မဟာ ၆ က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.