ဝေါ၊ မတ် ၁၆

ပဲခူးတိုင်း ဝေါမြို့နယ် ငှက်ပျောတပင်သောင်ပြင်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေး တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်မှာ အုတ်ဖိုကျေးရွာနေ ဦးသောင်းဟန်နဲ့ဒေါ်ကေသီရဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး နဲ့ အခြားကလေး တစ်ဦးတို့ဟာ သောင်ပြင်မှာ ဆော့ကစားနေစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှု ကြုံခဲ့ရတာပါ။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ် နှစ်ဦးကို ပဲခူးဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် မတ် ၁၄ ရက်နေ့မှာ မောင်ကောင်းပြည့်ဖြိုး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကလေးငယ်တွေ နင်းမိခဲ့တဲ့မြေမြှုပ်မိုင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပဲခူး ဘောနက်ကြီးအခြေစိုက် အမှတ်(၂၀၅)အမြောက်တပ်စစ်ကြောင်းက ဝေါမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးစဉ် ထောင်ထားခဲ့တဲ့ မိုင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဝေါမြို့နယ် ကျွန်းရွှေဝါအုပ်စုနဲ့ ငှက်ပျောတပင်သောင် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို လုယက်ကာ နေအိမ်တွေ ဖျက်ဆီးသွားတဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း ဝေါမြို့နယ်ဘက်ခြမ်းရှိ ရဲစခန်းနဲ့စစ်ကောင်စီတပ်စွဲနေရာတွေ မကြာခဏတိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ်ဟာ KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ လာရောက်နိုင်တဲ့ လမ်းကြောင်းတွေမှာ မြေမြှုပ်မိုင်းထောင်းတာတွေ လုပ်ဆောင်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.