ရသေ့တောင်၊ မတ် ၁၆

ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်နဲ့မောင်တောမြို့တို့မှာ ကျန်ရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာ၊ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်တာတွေ လုပ်ဆောင်ထားတယ်လို့ ရက္ခိုင့်တပ်တော်က မတ် ၁၅ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန် ပါတယ်။

ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၃၆)၊ (၅၃၇) နဲ့ (၅၃၈)တပ်ရင်းတို့ကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပစ်ကူ အမြောက်အမြားနဲ့ အပြင်းအထန်ခုခံနေတဲ့ကြားကနေ ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်လျက်ရှိတယ်လို့ အသိပေးထားပါ တယ်။

အလားတူ ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၅) လက်အောက်ခံ ခမရ (၅၅၂) တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိတယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းက လက်ကျန်နယ်ခြားစောင့်စခန်းအချို့အား သိမ်းပိုက်ရ ယူရေးအတွက် ဆက်လက်တိုက်ခိုက်လျက်ရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏာကျွန်း၊ မြေပုံ၊ ရမ်းဗြဲအပါအဝင် မြို့ ၈ မြို့အထိ အပြီးသတ်သိမ်းယူထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.