မော်လမြိုင် ၊ မတ် ၁၇

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် နိုင်ငံအနှံ့ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲ တွေနဲ့အတူ မွန်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူလူထု တွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့ တော်လှန်‌ရေးအဖွဲ့တွေက မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကချင်၊ ကရင်နီ၊ ရခိုင်နဲ့ ကရင်ဒေသတွင်းက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် မဆုတ်တမ်းခံတပ်စခန်းတွေ တပ်ရင်းဌာနချုပ်တွေ ဗျူဟာကုန်းတွေ ဆက်တိုက်သိမ်းပိုက်ခံနေရတာပါ။

ဒီအခြေအနေမှာ မွန်ဒေသမှာလည်း တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေဘက်က အလားတူ တိုက်ပွဲတွေ ဆင်နွှဲဖို့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က အဖွဲ့တချို့ကို မေးမြန်းရာမှာတော့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာရှိတယ်လို့ တာဝန်ခံနဲ့ ပြောခွင့်ရသူတွေက ပြောကြပါတယ်။

ဒါပေမယ့် စစ်ရေးနဲ့ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းဆောင်တာတွေကိုတော့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

သထုံခရိုင် PDF တာဝန်ခံ ကို‌အေးမင်းထွန်းကတော့ တိုက်ပွဲတွေ ‌ရှေ့ဆက်ပြင်းထန်လာဖို့ ရှိနိုင်တဲ့အတွက် ပြည်သူတွေအားလုံး လုံခြုံရေးဂရုစိုက်ဖို့နဲ့ စားနပ်ရိက္ခာစုဆောင်းထားဖို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တိုက်ပွဲတွေကတော့ ရှေ့ဆက်ပြင်းထန်လာဖို့ပဲ ရှိတယ်။ဒါကြောင့် ပြည်သူလူထုတွေကို အစစအရာရာ လုံခြုံရေးအရ အားလုံးဂရုစိုက်ဖို့နဲ့ တချို့ စားဝတ်နေရေးအတွက် စုဆောင်းထားဖို့လည်း လူထုကို မေတ္တာရပ်ခံချင်တယ်။ပြီးတော့ စစ်ကောင်စီတပ်နဲ့ အနီးဆုံးနေရာတွေမှာ မနေကြဖို့ မတွဲသွားလာဖို့ ကျွန်တော်တို့က မေတ္တာရပ်ခံချင်ပါတယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကလည်း စစ်ကောင်စီရဲ့ တပ်စခန်းတွေ တပ်ရင်းဌာနချုပ်တွေကို ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သံလွင်တိုင်းမ်ကို အကြောင်းပြန်ပါတယ်။

မွန်ပြည်နယ်မှာ စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေ ဂိတ်စခန်းတွေ ရှေ့တန်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်တာတွေလည်း ရှိခဲ့ပါတယ်။

တစ်ဘက်မှာ ကရင်နဲ့မွန်ဒေသကို စစ်ကောင်စီအတွက် ကာကွယ်ရေး၊ လုံခြုံရေးနဲ့စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကတာဝန်ယူရတဲ့ မော်လမြိုင်အခြေစိုက် အရှေ့‌တောင်တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ မွန်ဒေသတွင်းရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတွေ တပ်ရင်းဌာနချုပ်တွေ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေ အမြောက်တပ်တွေကိုတော့ ဝင်ရောက်တိုက်ခိုက်နိုင်တဲ့အခြေအနေအထိ ထိုးစစ်ဆင်နွှဲတာ မတွေ့ရသေးပါဘူး။

တောင်ပိုင်းစစ်ဒေသ ရေးမြို့နယ်အခြေစိုက် ဒေါနစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ရန်နိုင်က စစ်ဆင်ရေးအရှိန်မြှင့်တင်ဖို့ လိုအပ်ချက်တွေ အရမ်းများတာကြောင့် အချိန်ယူပြီး တောက်လျှောက်ပြင်ဆင်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ဆင်ရေးအရှိန်မြှင့်တင်မှုကတော့ တောက်လျှောက်ပြင်နေတယ်။ဒါပေမယ့် လိုအပ်ချက်တွေက အရမ်းများတော့ ကျွန်တော်တို့လည်း အချိန်ယူပြီး ပြင်နေတဲ့သဘောပေါ့။ရန်သူထိခိုက်ကျဆုံးတွေကတော့ ၆ လချုပ်ဆိုလည်း ၆ လချုပ်ပုံစံမျိုးနဲ့ ထုတ်ပြန်သွားဖို့ ရှိတယ်ဗျ။ပြည်သူတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်ကတော့ ကျွန်တော်တို့ စစ်ကြောင်း Page ကနေ တင်ပေးနေတာရှိတယ်၊ အဲဒါတွေ စောင့်ကြည့်ကြဖို့ပေ့ါ”လို့ သူက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့  ဒေါနစစ်ကြောင်းလှုပ်ရှားတဲ့ဒေသတွေဘက်မှာ စစ်ကြောင်းထိုးတာတွေ ပြုလုပ်တာမရှိဘဲ ခံစစ်ကိုသာ အခိုင်အမာပြင်ဆင်လာတဲ့ပုံစံမျိုး ရှိတယ်လို့ သူက ပြောပြပါတယ်။

ဒေါနစစ်ကြောင်းဟာ နိုင်ငံ့တောင်ပိုင်းထဲက မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတို့မှာ လှုပ်ရှားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ စစ်ကြောင်းအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ NUG ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက်က တောင်ပိုင်းတိုင်းစစ်ဒေသ တာဝန်ရှိသူတွေ၊ မွန်ပြည်တော်လှန်ရေးတပ် – MSRF နဲ့ ဒေါနစစ်ကြောင်း စတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့လောက်နဲ့ လာရောက်တွေ့ ဆုံခဲ့ပြီး စစ်ဆင်ရေးကိစ္စ ဆွေးနွေးထားကြပါတယ်။

ရေးမြို့နယ်အခြေစိုက် ရေးဘီးလူးတပ်ဖွဲ့ကလည်း ဘီးလူးနင်းမယ့်လမ်း စစ်ဆင်ရေးကို အကောင်အထည်ဖော်မှာဖြစ်တဲ့အတွက် မွန်ပြည်နယ်အတွင်း အချိန်နေရာ မရွေး တိုက်ပွဲဖြစ်လာနိုင်တာကြောင့်  ပြည်သူတွေ အသွားအလာသတိပြုကြဖို့ မတ် ၁၀ ရက်နေ့က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.