မြဝတီ၊ မတ် ၁၆

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ဖလူးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ KNU ဗဟိုက မတ် ၁၅ ရက်နေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဖလူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့က မတ် ၁၁ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ အချိန်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီ ၂၅ မိနစ်မှာ စခန်းတစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

 ၅ မိနစ်အတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ ဖလူးစခန်သိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံကနေ လက်နက်ခဲယမ်း အမြောက်အမြားနဲ့ ဆန်အပါအဝင် အခြားရိက္ခာခြောက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြည်သူတွေရဲ့ ဆုတောင်း မေတ္တာပို့သမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘူးလို့ အသိပေးထားပါတယ်။

KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဟာ သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ရင်းစခန်း၊ နယ်မြေရဲစခန်းနဲ့ ဖလူးစခန်းတို့ကို သိမ်းပိုက်ရရှိထားပါတယ်။

လက်ရှိမှာလည်း သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၅၇ တပ်ရင်းနဲ့ ဗျူဟာတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.