မော်လမြိုင် ၊ မတ် ၁၇

စစ်မှုထမ်းဆောင်ရမယ့် အသက်အရွယ်မှာ ကျုံးဝင်တဲ့ လူငယ်တွေအနေနဲ့ အကြောင်းပြချက် မခိုင်လုံဘဲ စစ်မှုမထမ်းဖို့ တိမ်းရှောင်ပါက တရားခံပြေးအဖြစ် သတ်မှတ်အရေးယူသွားမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်လာပါတယ်။

အိမ်ထောင်စုစာရင်းအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ တစ်ဦးဟာ နေအိမ်မှာ မရှိပါက ကျန်ရှိတဲ့ မိဘအုပ်ထိန်းသူ ဒါမှမဟုတ် ဆွေးမျိုးသားချင်း တစ်ဦးဦးက ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရမယ်လို့ ဆိုပါတယ်။

အကြောင်းပြချက် မခိုင်လုံပါက တရားခံပြေးအဖြစ် သတ်မှတ်မယ်လို့ စစ်ကောင်စီ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ တာဝန်ရှိသူတစ်ဦးက Myanmar Now သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့အတွက် တိမ်းရှောင်သွားသူတွေနဲ့ ပတ်သက်ပြီး အုပ်ထိန်းသူတွေကို အရေးယူ မယူဆိုတာကိုတော့ မကြာခင် ထွက်ရှိလာမယ့် စစ်မှုထမ်းနည်းဥပဒေမှာ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။

ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်မှုထမ်းဆောင်ဖို့ အသက်ပြည့်ပေမယ့် ပြည်တွင်းမှာ မရှိတဲ့သူတွေကို တရားခံပြေးအဖြစ် ချက်ချင်း ကြေညာလို့မရသလို အဆင့်ဆင့်စစ်ဆေးပြီး တရားရုံးက အမိန့်ချမှသာ တရားခံပြေးအဖြစ် သတ်မှတ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

 “တရားခံပြေးလို့ သတ်မှတ်မယ်ဆိုလို့ ရှိရင်စစ်ရအုံးမယ်လေ၊ အမှုတော့ စစ်ရမယ် တရားခံပြေးဆိုတာ ဒီအတိုင်း ကြေညာလို့ မရဘူး၊ အဲ့ဒီထွက်ပြေးတာလား ဘယ်လို ပျောက်တာလည်း ဆိုတာကို လဝကခေါ်စစ်ရမယ်၊ မိဘတွေ ခေါ်စစ်ရမယ်၊ သက်သေတွေ ခေါ်စစ်ရမယ် အစိုးရဘက်ကဟာတွေ၊ ပြီးတော့မှ အဲ့တာမျိုးတွေ ကြေညာရမှာ၊ ဒီတိုင်းတော့ တန်းကြေညာလို့မရဘူး၊ တရားရုံး တင်ရအုံးမယ်လေ၊ မရှိဘူး ဆိုတော့မှ သူတို့က ဆင့်ခေါ်ထားတဲ့ စာလည်း တင်ရမယ်လေ၊ သူတို့ ဆင့်ခေါ်ပါတယ်၊ ဘယ်နေ့က ဘယ်သူကနေ ဆင့်ခေါ်ပါတယ် ဘယ်သူ လက်မှတ် ထိုးထားပါတယ် အဲ့တာတွေ အကုန် တင်ရမယ် တရားရုံးကို၊ ပြီးတော့မှ အဲ့တာတွေ ကြည့်ပြီးမှ တရားခံပြေး ဆိုတာ တရားရုံးက သတ်မှတ်မှ ကြေညာလို့ ရတာလေ၊ ဒီတိုင်းတော့ ကြေညာလို့ မရဘူးလေ၊ အခုဘာမှ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ မထွက်သေးဘဲနဲ့ တရားခံပြေး ကြေညာလို့ ဘယ်ရမလည်း၊ ဥပဒေကို ဆန့်ကျင်ပြီးတော့ တရားခံပြေး ကြေညာချင်တိုင်း ကြေညာလို့ မရဘူးလေ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို သူတို့ စိတ်ကြိုက် ရေးဆွဲနေတာကြောင့် သူတို့ လုပ်ချင်သလို လုပ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့ ဦးကြီးမြင့်က သတိပေးတာပါ။

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း လူငယ်တွေအနေနဲ့  တရားစွဲဆိုခံထားရတာမဟုတ်တဲ့အပြင် ပြစ်ဒဏ်တစ်ရပ်ရပ်သတ်မှတ်ခံထားရတာ မဟုတ်ဘဲ တရားခံပြေးအဖြစ် သတ်မှတ်တာဟာ ဥပဒေကြောင်းအရ မတရားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“တရားခံပြေးဆိုတဲ့ အခါကျတော့ ဒီအစီအစဉ်ကို သူ့အနေနဲ့ မကြိုက်လို့ ရှောင်ပြေးတာက ဘာဖြစ်လို့ တရားခံ ဖြစ်ရတာလည်းဆိုတာ စဉ်စားစရာပဲ၊ ဥပဒေကြောင်းအရ သူတို့က တရားစွဲဆိုခံထားရတဲ့ လူတွေလည်း မဟုတ်ဘူး၊ နောက်ပြီးတော့ အဲ့ဒီအပေါ်မှာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို သတ်မှတ်ခံရမယ် လူတွေလည်း မဟုတ်ဘဲနဲ့ ဒီပွဲကို ရှောင်လို့ ရှိရင် တရားခံပြေး အဖြစ် သတ်မှတ်တယ်ဆိုတာတော့ ဥပဒေကြောင်းအရ ပြောရရင်တော့ အတော်မတရားတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြည်သူတွေကို ပြစ်မှုတစ်စုံတစ်ရာ မရှိဘဲ စစ်မှုမထမ်းလိုသူတွေကို တရားခံပြေးအဖြစ် ကြေညာဖို့ လုပ်ဆောင်လာတာဟာ ဥပဒေကြောင်းအရ လူတစ်ဦးရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာ ဖြစ်တယ်လို့ ဝေဖန်တာပါ။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တစ်လမပြည့်ခင်မှာဘဲ နည်းဥပဒေ(တတိယမူကြမ်း)နဲ့ လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲပြီလို့ ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ မထွက်သေးခင်မှာဘဲ ရန်ကုန်၊ မန္တလေးအပါအဝင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စစ်မှုထမ်းဖို့အတွက် ဒေသခံလူငယ်တွေကို ဆင့်ခေါ်တာ၊ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီး နိုင်ငံသားတိုင်းဟာ မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပြီး စစ်မှုမထမ်းဆောင်ပါက အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းက လူငယ်အများစုဟာ နီးစပ်ရာအိမ်နီးချင်း နိုင်ငံတွေနဲ့ လွတ်မြောက်ရာ နယ်မြေတွေကို နေ့စဉ် အလုံးအရင်းနဲ့ ထွက်ခွာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.