ပွင့်ဖြူ – မတ် ၁၆ 

မကွေးတိုင်း၊ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီက တစ်အိမ်တက် တစ်အိမ်ဆင်း လူသစ်စုဆောင်းဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီအရာရှိတွေကိုယ်တိုင် နေအိမ်တွေအထိသွားရောက်ပြီး ပြည်သူ့စစ်အတွက် ခေါ်ဆောင်တာတွေလုပ်ဆောင်နေတာပါ။

ပွင့်ဖြူမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ ကျေးရွာတွေမှာ နေ့စဉ်နီးပါး လိုက်လံစည်းရုံးမှုတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က စစ်မှုထမ်းဖို့အတွက်လာရှင်းပြရင်းနဲ့ ပြည်သူ့စစ်အကြောင်းပါပြောတာ၊ စစ်မှုထမ်းက တစ်အုပ်စုကို နှစ်ယောက်ဆိုရင် ပြည်သူ့စစ်က နှစ်ဆယ်နဲ့ သုံးဆယ်ကြားရှိရမယ်လို့ပြောတယ်။ ရွာက အမျိုးသားတွေက မသွားကြဘူး။အမျိုးသမီးတွေပဲ အဲဒီဟောပြောပွဲသွားကြတာ” လို့သူက ပြောပါတယ်။

အခုလိုအိမ်အရောက်ခေါ်ဆောင်နေတာဟာ ပြည်သူ့စစ်အတွက်သာဖြစ်ပြီး စစ်မှုထမ်းဖို့အတွက် လည်း ထပ်မံခေါ်ဆောင်ဦးမယ်လို့ ရွာသားတွေကိုပြောသွားတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့ရွာက နှစ်ယောက်ကိုတော့ စေရာ က.ပ.စ ဗိုလ်ကြီးကိုယ်တိုင်လာခေါ်တာ၊ အုပ်ကြီး တွေကလည်း ဝိုင်းပြီးစည်းရုံးကြတော့ ကလေးကပြည်သူ့စစ်မဟုတ်ဘဲ စစ်သားလုပ်သွားတာ” လို့ စေတုတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။ 

ပွင့်ဖြူ၊စလင်းနဲ့ စေတုတ္တရာမြို့နယ်တွေမှာ ပြည်သူ့စစ်ခေါ် ပျူစောထီး ၆၀၀ ကျော်ရှိတယ်လို့ သိရပြီး သူတို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလက စတင်သင်တန်းပေးထားတာပါ။

သင်တန်းဆင်းတဲ့ ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ စစ်ကောင်စီက သေနတ်အတို၊ G-3၊ MA နဲ့ UZI အစရှိတဲ့ လက်နက်တွေထုတ်ပေးထားပြီး အဲဒီထဲက တချို့ကတော့ ရှေ့တန်းစစ်မြေ ပြင်အထိလိုက်နေကြတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း စေတုတ္တရာမြို့နယ် လုံးကြီးကျေးရွာကို စစ်ကြောင်း ထိုး မီးရှို့ဖျက်ဆီးရာမှာ ပွင့်ဖြူနဲ့စေတုတ္တရာက ပျူစောထီးတွေပါဝင်ခဲ့ပြီး စစ်ကောင်စီက မီးရှို့ အောင်ပွဲခံနည်းတွေပါ သင်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.