တနင်္သာရီ၊ မတ် ၁၆

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း မောတောင်မြို့အနီးက ကော်သူးလေတပ်မတော် KTLA စစ်သင်တန်းကွင်းကို စစ်ကောင်စီဘက် လေယာဉ်နဲ့လာရောက် ဗုံးကြဲသွားတယ်လို့ တောင်ပိုင်းညီနောင်တပ်ပေါင်းစု SBA စစ်ကြောင်းထံက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ဒေသအခေါ် နေကျော်ဒေသနဲ့ ဆက်စပ်နေတဲ့ KTLA စစ်သင်တန်းကွင်းကို စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်သင်တန်းကွင်းရှိ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကွမ်းပင်တွေအပါအဝင်သီးနှံပင်တွေလည်း ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

မြေဧကတစ်ဝက်နီးပါး ပျက်စီးသွားတဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း KTLA တပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းညီနောင်တပ်ပေါင်းစု SBA စစ်ကြောင်း ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း KTLA စစ်သင်တန်းကွင်းကို စစ်ကောင်စီတပ်က Mi 2 ရဟတ်ယာဉ်နဲ့ ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်ဟာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ စတင်အသုံးပြုနေပြီး မြို့နယ်ပေါင်း ၄ မြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ကျုးလွန်ထားပါတယ်။

ကော်သူးလေတပ်မတော် KTLA ဟာ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO စစ်ဦးစီးချုပ်ဟောင်း စောနယ်ဒါမြ တည်ထောင်ထားတာ ဖြစ်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.