မော်လမြိုင်၊ မတ် ၁၅

မွန်ပြည်နယ်မှာ စစ်မှုထမ်းဆောင်ဖို့ အကျုံးဝင်တဲ့လူငယ်တွေကို မတ်လကုန်နောက်ဆုံးထားပြီး အမည်စာရင်းပေးပို့ကြဖို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်မှုထမ်းဥပဒေအရ ကျုံးဝင်တဲ့အသက်အရွယ်မှာပါဝင်နေတဲ့ လူငယ်တွေကို ကျေးရွာအုပ်စုတစ်စုလျှင် ၁၀ ယောက်နှုန်း စာရင်းပေးဖို့နဲ့ စာရင်းပေးပို့ရာမှာလည်း မတ်လနောက်ဆုံးအပတ်အတွင်း မဖြစ်မနေ စာရင်းပေးပို့ကြဖို့ ညွှန်ကြားထားတာပါ။

အမည်မဖော်လိုတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတစ်ဦးရဲ့ ပြောပြချက်အရ ကျေးရွာအုပ်စုတစ်စုလျှင် ၁၀ ယောက်နှုန်း စာရင်းပေးရမှာဖြစ်ပြီး အဲဒီထဲကတစ်ဦးကို စစ်မှုထမ်းဖို့ ရွေးချယ်သွားမယ်လို့ သိရပါတယ်။

စစ်မှုထမ်းဖို့ ရွေးချယ်ခံရတဲ့သူဟာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ စစ်သင်တန်းကျောင်းတွေမှာ စစ်သင်တန်း ၃ လ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းဆင်းပြီးပါက သက်ဆိုင်ရာတပ်တွေမှာ တာ ဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

ဒေသခံလူငယ်တစ်ဦးကတော့ ဒေသတွင်းမှာ စစ်မှုထမ်းဖို့ စစ်ကောင်စီဘက်က အမည်စာရင်းတွေ လိုက်လံကောက်ခံနေတာကြောင့် ပြည်သူလူထုကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်လို့ ပြောပါတယ်။

“ရှင်းရှင်းပြောရရင် ပြည်သူတွေကတော့ လုံးဝအဲဒီစနစ်ကို မကြိုက်ဘူးပေါ့နော်။ ပိုပြီးတော့စိုးရိမ်ပူပန်မှုတွေ ပိုများလာတာပေါ့နော်။ သားသမီးရှိတဲ့မိဘတွေကမှအစ အုပ်ချုပ်နေတဲ့လူတန်းစားတွေရောပေါ့။ ပြဿနာတွေတော့ ပိုများလာမှာပေါ့” လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ နေပြည်တော်နဲ့ရန်ကုန်တို့မှာ စစ်မှုထမ်းဖို့ အသက်အရွယ်ပြည့်ပြီးသူတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့အထိ လုပ်ဆောင်တာတွေရှိနေပြီး တခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့ လူဦးရေစာရင်းတွေ စတင်ကောက်ခံနေတာပါ။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အရ ရပ်ကွက်နဲ့ကျေးရွာအုပ်စုပေါင်း ၄၆၈ ခုရှိတဲ့ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ်(၁)အတွက် အနည်းဆုံးလူငယ် ၅၀၀ နီးပါး စစ်မှုထမ်းဆင့် ခေါ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသ မီးဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပါတယ်။

စစ်ကောင်စီကတော့ စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့်သင်္ကြန်အပြီး စတင်သွားမှာ ဖြစ်ပြီး တစ်လလျှင် လူပေါင်း ၅၀၀၀ ၊ တစ်နှစ်လျှင် လူပေါင်း ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ကြေ ညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.