မြဝတီ၊ မတ် ၁၅
ကရင်ပြည်နယ် သင်္ဃန်းညီနောင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေ ကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ရပြီး အများအပြား ဒဏ် ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။
မြဝတီမြို့နယ် သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၅၅ တပ်ရင်းကို မတ် ၇ ရက်နေ့ မနက် ၁၀ နာရီ ၁၉ မိနစ်အချိန်ကစပြီး KNLA တပ်မဟာ ၆ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ည ၆ နာရီ ၄၅ မိနစ်အချိန်မှာ စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ်သေဆုံးသူဦးရေကို စိစစ်ဆဲဖြစ်သလို အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ထံကနေ စစ်သုံးမော်တော်ယာဉ်၊ စစ်သုံးပစ္စည်းနဲ့ လက်နက်ကြီးလက် နက်ငယ်အလက် ၁၄၀ ကျော် သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၆ ဦး ကျဆုံးခဲ့ကာ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်ပစ်ကူနဲ့ လက်နက်ကြီးပစ်ကူ လုပ် ဆောင်နေတဲ့အတွက် အရပ်သား ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ လေယာဉ်ဗုံးကြဲတိုက် ခိုက်မှုကြောင့် ဒေသခံပြည်သူပိုင်အိမ် ၂၀ လုံးဝန်းကျင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးတဲ့အရပ်သားပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေပါဝင်ပြီး တိုက်ပွဲကြောင့် သင်္ဃန်းညီနောင်၊ ရွာသစ်၊ မြို့သစ်၊ ဖားချောင်း၊ ပေါလော သံပုရာ၊ ဝှေ့ရှမ်းစတဲ့ ဒေသခံပြည်သူထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သင်္ဃန်းညီနောင်တိုက်ပွဲကာလ ၈ ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာလည်း နှစ်ဖက်စစ်ရေးအခြေ အနေ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းတွေကို စခန်းသိမ်း တိုက်ပွဲနဲ့ မြို့သိမ်းတိုက်ပွဲတွေအဖြစ် ဆင်နွဲလျက်ရှိနေတယ်လို့ ထုတ်ပြန်ထားချက်အရသိရပြီး လက်ရှိမှာ သင်္ဃန်းညီနောင်က ကျန်ရှိနေတဲ့ တပ်ရင်းနဲ့ ဗျူဟာတွေကို ဆက်လက်တိုက်ခိုက်နေတာပါ။
စစ်ကောင်စီကတော့ နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီမြို့နဲ့ သင်္ဃန်းညီနောင် မကျရေးအတွက် လေ ကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အလွန်အကျွံအသုံးပြုတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU