ပခုက္ကူ – မတ် ၁၄ 

မကွေးတိုင်း၊ပခုက္ကူမြို့နယ် လေးတိုင်ရွာစာသင်ကျောင်းကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းဆရာ တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ လေးတိုင်ရွာ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာပါ။

“လေကြောင်းကနေ သုံးခါလောက်ကြဲချပြီးတော့မှ စက်လက်တွေနဲ့ ပတ်ပစ်တာ စာသင်ခန်း တစ်ခန်း ပျက်စီးသွားတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ချိန်မှာ ကျောင်းသားတွေကို ကျောင်းပိတ်ထားတဲ့ အချိန် ဖြစ်ပြီး မြို့နယ် ပအဖ-ပကဖနဲ့ ကျောင်းဆရာတွေ အစည်းအဝေးလုပ်နေချိန်ဖြစ်တယ်လို့ သိရပါ တယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးသွားသူဟာ ကွန်ပျူတာ သင်ပေးနေတဲ့ ကျောင်းဆရာ ဦးစိန်မင်းထိုက်ဆိုသူဖြစ်ပြီး ရွာသားတစ်ဦးလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအဆောက်အအုံတွေနဲ့ ကားတစ်စီး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ပခုက္ကူမြို့နယ် ပအဖ တာဝန်ခံကတော့ အစည်းအဝေးသတင်းပေါက်တယ်လို့ ယူဆရကြောင်းနဲ့ ဘယ်က ပေါက်လည်းအဖြေရှာမရသေးသလို အစည်းအဝေးရှိတာသိလို့ တိတိကျကျဗုံးလာချ သွားတာဖြစ်တယ်လို့ Myanmar Now သတင်းဌာနကို ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်စာသင်ကျောင်းကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံပုရာပင် ကျေးရွာသားနှစ်ဦး သေဆုံးထားပါသေးတယ်။ 

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃၀ နီးပါး သေဆုံးထားရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.