မော်စကို၊ မတ် ၁၅

ရုရှားအနေနဲ့ နျူကလီးယားစစ်ပွဲအတွက် နည်းပညာအရ အဆင်သင့်ဖြစ်နေပြီလို့ သမ္မတ ပူတင်က အနောက်အုပ်စုကို သတိပေးခဲ့ပြီး ယူကရိန်းကို အမေရိကန်တပ်တွေ စေလွှတ်ခဲ့ပါက စစ်ပွဲကို သိသိသာသာ အရှိန်မြှင့်အောင် လုပ်ဆောင်တာပဲလို့ ယူဆကြောင်း ပြောခဲ့ပါတယ်။

နောက် ၆ နှစ်အာဏာဆက်လက်ရရှိဖို့ သေချာနေတဲ့ သမ္မတပူတင်ဟာ မတ်လ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် အခုလိုပြောခဲ့တာပါ။

နျူကလီးယားစစ်ပွဲ အနာဂတ်မှာ ဖြစ်လာနိုင်ခြေဟာ အမြန်အဆန်ဖြစ်လာမှာမဟုတ်ဘဲ ယူကရိန်းမှာ နျူလက်နက် သုံးစရာလိုမယ်မထင်ဘူးလို့ သမ္မတ ပူတင်က ပြောပါတယ်။

ရုရှားးအနေနဲ့ နျူကလီးယားစစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလားဆိုတဲ့ မေးခွန်းကိုတော့ ပူတင်က စစ်ရေးနည်းပညာပိုင်းအမြင်အရ အဆင်သင့်ဖြစ်နေပြီလို့ RIA နဲ့ ဒေသတွင်း သတင်းဌာနတွေကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ယူကရိန်းနဲ့ ရုရှားနယ်နိမိတ်ပေါ်မှာ အမေရိကန်စစ်သားတွေ ချထားမယ်ဆိုရင်လည်း အဲဒီလုပ်ရပ်ကို ကြားဝင်စွက်ဖက်မှုအဖြစ် ရုရှားက သဘောထားမှာကို အမေရိကန်အနေနဲ့ သဘောပေါက်တယ်လို့လည်းသူက ပြောပါသေးတယ်။

အိမ်ဖြူတော်ကတော့ ပူတင်အနေနဲ့ နျူကလီးယားလက်နက် အသုံးပြုနိုင်တယ်လို့ အကြိမ်ကြိမ် လေလုံးထွားနေပေမယ့် ရုရှားမှာ နျူကလီးယားလက်နက်အသုံးပြုနိုင်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ ဆိုထားပါတယ်။

ရုရှားက သူတို့သိမ်းယူထားတဲ့ ယူကရိန်းဒေသလေးခုဟာ သူတို့အပိုင်နယ်မြေတွေဖြစ်တယ်လို့ သတိပေးထားပြီး လက်ရှိအချိန်မှာ ရုရှားရဲ့ ရာနှုန်းပြည့်အစိတ်အပိုင်းတွေဖြစ်နေပြီလို့လည်း ဆိုပါတယ်။

အမေရိကန်-ရုရှား ဆက်ဆံရေးအတွက် ဗျူဟာမြောက် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရမယ့် နယ်ပယ်အတွက် အမေရိကန်မှာ လုံလောက်တဲ့ ကျွမ်းကျင်သူတွေရှိတယ်လို့လည်း ပူတင်က အသိပေးထားပါတယ်။

လက်ရှိမှာတော့ အမေရိကန်အစိုးရက ယူကရိန်းကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့အစီအစဉ်မရှိဘူးလို့ ပြောထားပေမယ့် ယူကရိန်းတပ်တွေအတွက် လက်နက်တွေ ပေးပို့နိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတရုံးအရာရှိတစ်ဦးကတော့ နျူကလီးယားလက်နက်အသုံးပြုဖို့ ပူတင်ရဲ့ ပြောဆိုမှုတွေဟာ အနောက်တိုင်းကို ခြိမ်းခြောက်ဖို့ ရည်ရွယ်တဲ့ ဝါဒဖြန့်မှုသာဖြစ်တယ်လို့ ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.