နေပြည်တော် ၊ မတ် ၁၅

အာဏာသိမ်းမှုကြောင့် တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ဖို့နဲ့ ကျဆင်းအောင် လုပ် ဆောင်ဖို့ စစ်ကောင်စီ စီမံကိန်းနဲ့ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဌာနဆိုင်ရာတွေကို ညွှန်ကြားလာတာပါ။

နိုင်ငံအတွင်း ကုန်ဈေးနှုန်း မြင့်တက်မှုမရှိစေဘဲ တည်ငြိမ်နေစေဖို့အတွက်ဆိုပြီး မတ် ၁၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးအ တွင်း ညွှန်ကြားလာခဲ့တာ ဖြစ်ပါတယ်။

ဦးဝင်းရှိန်က လက်ရှိမိုးစပါးထွက်ရှိချိန်ဖြစ်ပေမယ့် ဆန်နဲ့စပါးဈေးနှုန်း မြင့်တက်နေတဲ့အပေါ် တည် ငြိမ်ရေးဆောင်ရွက်ဖို့နဲ့ ကုန်ပစ္စည်းဈေးနှုန်း ကျဆင်းလာနိုင်အောင် လုပ်ငန်းစဉ်တွေချမှတ်ဖို့ ပြော ဆိုခဲ့တာပါ။

အိမ်ရှင်မတစ်ဦးကတော့ စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ဖို့ဆိုပြီး လုပ်ဆောင်နေပေမယ့် လက်တွေ့မှာ ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတာကြောင့် အရင်ကထက်ပိုပြီး အခက်အခဲဖြစ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းကပေါ့နော် ဒီတစ်ပတ်လောက်က ကြက်သွန်အခုက ၄၅၀၀ ၊ ၅၀၀၀ အဲဒါတောင် အသေးလေးတွေနော်။ အကြီးဆိုရင် ၆၀၀၀ ဈေးရှိတယ်။ အရင်က ၃၈၀၀ ၊ ၃၉၀၀ ဆန်က အခု ၈၄၀၀ ဖြစ်နေတယ်။ အဓိကတော့ အခုဒီကုန်ဈေးနှုန်း တက်လာတဲ့အပေါ်မှာ ပိုပြီးတော့အခက်အခဲဖြစ်တာပေါ့။ စီးပွားရေးက အဆင်မပြေရတဲ့ကြားထဲ ပေးတဲ့ပိုက်ဆံကလည်းမလောက် ဈေးတွေက မြောက်နေတာ၊ ဟိုဟာကိုင်လည်း ထောင်ကျော် ဒီဟာကိုင်လည်း ထောင်ကျော်နဲ့ ပိုက်ဆံ ၁၀,၀၀၀ က ဆန်တစ်ပြည်ပဲရတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ ဆန်နဲ့စားအုန်း ဆီအပါအဝင် အခြေခံစားသောက်ကုန်တွေကို ဌာနရုံးတွေ၊ ဝန်ထမ်းအိမ်ရာတွေနဲ့ တက္ကသိုလ်ကျောင်းတွေမှာ ဈေးကားတွေနဲ့ အလှည့်ကျ ရောင်းချပေးနေတယ်လို့ ညွှန်ကြားထားတာပါ။

ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကလည်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် အရင်လိုကုန်ပစ္စည်းတွေ ရောင်းမထွက်တော့သလို လူထုမှာပိုမိုအကျပ်အတည်း ဆိုက်လာတာ မြင်တွေ့နေရတယ်လို့ ပြောပါတယ်။

“ကုန်ဈေးနှုန်း ကြီးလာပေမယ့် ပြည်သူလူထုမှာ လုပ်စားစရာတွေ အလုပ်မရှိပြန်ဘူး။ နောက်ပြီးတော့ သူတို့အလုပ်ပေးပြန်ရင်လည်း ဒီအလုပ်က လုပ်ငန်းက ဘယ်လိုပြောမလဲ ရောင်းရင်လည်းရောင်းကုန်ပေါ့။ စားရင်လည်း စားကုန်ပေါ့။ အဝတ်အထည်ဆိုရင်လည်း အဝတ်အထည်ကုန်ပေါ့။ အဆမတန် ဈေးတွေကြီးတော့ ပစ္စည်းကတော်တော်နဲ့မထွက်ဘူး။ မထွက်တော့ နောက်ထပ်ကုန် ဈေးနှုန်း ကြီးလာတာနဲ့အမျှ ဝယ်စားစရာကလည်း မရှိတော့ဘူး။ အဲဒီပြဿနာကိုလည်း ဘယ်လိုဖြေရှင်းရမှန်လည်း မသိဘူး။ ဆိုတော့တဖြည်းဖြည်းနဲ့ လူတွေက ကျပ်ကျပ်ပြီးတော့ အငတ်ဘေးဆိုက်လာတဲ့ ပုံစံမျိုးဖြစ်လာတယ်”လို့ ဆိုပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ မြန်မာ့ငွေကြေး တန်ဖိုးကျဆင်းလာတာ၊ ပြည်ပက တင်သွင်းနေရတဲ့ ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြီးမြင့်နေတာအပြင် တိုက်ပွဲတွေကြောင့် လမ်းခရီးသွားလာရခက်ခဲတဲ့အတွက် ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

စစ်ခေါင်းဆောင်ကတော့ ကုန်ဈေးနှုန်းတွေ မြင့်မားနေရတာဟာ ဝိသမလောဘသားတွေရဲ့ ငွေ ကြေးကစားမှုနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုတွေကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းထက် မြင့်မားနေရတာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေး အခြေအနေဟာ တိုး တက်မှုနှုန်း အားတက်စရာမရှိဘဲ ကျဆင်းနေဦးမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်ထိ မရေရာ မသေ ချာသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.