ဆီဆိုင်၊ မတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ဟာ စစ်ကောင်စီရဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားပြီလို့ မြေပြင်ရဲဘော်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီး၊ဒရုန်းနဲ့ မီးလောင်ဗုံးချတာတွေအပြင် လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုတွေကြောင့် မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော် မီးလောင်ပြာကျသွားခဲ့ရတာပါ။

ပအိုဝ်းလူငယ်အစည်းအရုံး PYO ရဲ့ အဆိုအရ ရက်ပေါင်း ၅၀ ကျော်ကြာမြင့်လာတဲ့ တိုက်ပွဲအတွင်း ဆီဆိုင်မြို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အလုံးစုံပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဆီဆိုင်မြို့ကို လက်နက်ကြီး ပစ်ခတ်မှု ၁၅၀၆ ကြိမ်၊ လေ ကြောင်းတိုက်ခိုက်မှု ၄၀၈ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ပြီး တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ကျုးလွန်ထားတာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးထားပြီး အများစုဟာ စစ်ကောင်စီရဲ့ မှားယွင်းပစ်ခတ်မှု၊ဖမ်းဆီးခံရပြီး အသတ်ခံရမှု၊လက်နက်ကြီးထိမှန်မှုအပြင် ကြောက် လန့်ထွက်ပြေးရာကနေ စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ လေကြောင်းရော လက်နက်ကြီးတွေနဲ့ပါ ဆက်လက်တိုက်ခိုက်နေတဲ့အတွက် အရပ်သားသေဆုံးမှုတွေ ဆက်လက်မြင့်တက်လာဖွယ်ရှိနေတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ပြောခွင့်ရကတော့ ဆီဆိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ပျက်စီးမှုအရေအတွက် အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆီဆိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ PNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေပေမယ့် စစ်ကောင်စီ လက်အောက်ခံ PNO အဖွဲ့ကတော့ ဒေသခံတွေကို နေရပ်ပြန်ဖို့ ဖိအားပေးတာတွေရှိနေတဲ့အတွက် ပြန်နေကြရသူတွေလည်းရှိတယ်လို့ PYO က အသိပေးထားပါတယ်။

PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့တည်းက ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတာပါ။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံ တစ်သိန်းကျော်အထိရှိလာပြီလို့ PYO က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.