ကြာအင်းဆိပ်ကြီး ၊ မတ် ၁၄

KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို ဒီကနေ့ မတ် ၁၄ ရက် ညနေပိုင်းမှာ KNLA တော်လှန်ရေးအင်အားစုအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ဗျူဟာစခန်းကုန်းကို ဇန်နဝါရီလကုန်ပိုင်းက KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုအဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကျိုက်ဒုံမြို့ တိုက်ပွဲ ၁ လကျော် ဒီကနေ့ မတ်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ KNLA တပ်မဟာ ၆ ပူး ပေါင်းတပ်ဖွဲ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေ ကြောင်းနဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ဒုံစစ်ဗျူဟာကုန်း ဒီကနေ့မှာ တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပြီလို့ BGF တပ်ဖွဲ့ဝင်တစ်ဦးကလည်း အတည်ပြုထားသလို စစ်တပ်ထောက်ခံသူတွေကလည်း ဗျူဟာကုန်းကျသွားတဲ့အကြောင်း ထုတ် ဖော်ပြောဆို ရေးသားထားပါတယ်။

ကျိုက်ဒုံမြို့တိုက်ပွဲကြောင့် စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူလူထုအများအပြား ဘေးလွတ်ရာဒေသဘက်ကို လအတန်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ပုံစာ – မြဝတီမြို့နယ်မှာ နှစ်ပေါင်း ၃၀ ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီဖလူးစခန်း KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.