ရမ်းဗြဲ၊ မတ် ၁၂

ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းပေါ်မှာရှိတဲ့ ရမ်းဗြဲမြို့ကို သုံးလနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတတိယအပတ်အတွင်း စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ မတ် ၁၁ ရက်နေ့မှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်မကျန် ရှင်လင်းကာ မြို့တစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့တာပါ။

မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုတွေနဲ့ လေကြောင်းမှလည်း နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ရက္ခိုင့်တပ်တော်ရဲ့ ဗျူဟာမြောက်ထိုးစစ်အောက်မှာ လက်မြှောက်အရှုံးပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ရမ်းဗြဲမြို့ဒေသခံတွေအနေနဲ့ နေအိမ်တွေကို ချက်ချင်းဝင်ရောက်နေထိုင်တာမပြုကြဖို့နဲ့ တိုက်ပွဲအ တွင်း စစ်ကောင်စီထောင်ထားတဲ့ စွန့်လွှတ်မိုင်း၊ နင်းမိုင်းနဲ့ တိုက်မိုင်းအန္တရာယ် မရှိစေရေးအတွက် မိုင်းရှင်းလင်းရေးအစီအစဉ် ပြုလုပ်ရမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ရမ်းဗြဲမြို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရက္ခိုင့်တပ်တော် AA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏာကျွန်း၊ မြေပုံ၊ ရမ်းဗြဲအပါအဝင် မြို့ ၈ မြို့အထိ အပြီးသတ်သိမ်းယူထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.