နယူးဒေလီ ၊ မတ် ၁၃

နျူကလီးယားထိပ်ဖူးအများအပြား သယ်ဆောင်နိုင်တဲ့ ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်တစ်မျိုး ကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ပြောကြားလိုက်ပါတယ်။

အကူအညီမလိုဘဲ ပစ်မှတ်အများကြီးကို တိုက်ခိုက်နိုင်တဲ့ MIRV နည်းပညာနဲ့ ပြည်တွင်းမှာပဲ ထုတ်လုပ်ထားတဲ့ Agni-5 ဒုံးကျည်စမ်းသပ်အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ မိုဒီက အသိပေးထားတာပါ။

Agni-5 ဒုံးကျည်ဟာ နျူထိပ်ဖူးအများကြီးကို တပြိုင်တည်း သယ်ဆောင်နိုင်ပြီး မတူညီတဲ့ ပစ်မှတ်တွေကိုလည်း တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။

အိန္ဒိယကာကွယ်ရေးဆိုင်ရာ သုတေသနနဲ့ တီထွင်ထုတ်လုပ်ရေး ဌာနက တီထွင်ထားတဲ့အဲဒီ ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြမထားပေမယ့် အိန္ဒိယဟာ အရင်ကလည်း ဒီလိုဒုံးကျည်တွေကို အများအပြားစမ်းသပ်ခဲ့တာပါ။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီး ရာနတ်ခ် ဆင်းဂျ်ကလည်း အိန္ဒိယဟာ ဒုံးကျည်နည်းပညာတီထွင် နိုင်စွမ်းရှိတဲ့ နိုင်ငံအနည်းငယ်ထဲမှာ ပါဝင်လာပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။

အိန္ဒိယဟာ ၁၉၈၃ ခုနှစ်ကတည်းက ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်ရေး စီမံကိန်းကို စတင်ခဲ့တာဖြစ်ပြီး ထုတ်လုပ်ထားတဲ့ ဒုံးကျည်တွေကို ဆန်ကရစ်ဘာသာစကားနဲ့ မီးလို့အဓိပ္ပါယ်ရတဲ့ Agni လို့ အမည်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

တာတိုပစ် Agni-1နဲ့ Agni-2တို့ကို အိန္ဒိယက သူ့ရဲ့ အစဉ်အလာ ပြိုင်ဖက် ပါကစ္စတန်ကို တားဆီးရေး ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပြီး တာဝေးပစ် ဒုံးကျည်တွေကိုတော့ တရုတ်ကို တားဆီးရေး ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အိန္ဒိယဟာ အမေရိကန်၊ဂျပန်၊ဩစတြေးလျတို့နဲ့ Quad မဟာမိတ်အဖွဲ့အပါအဝင် မကြာသေးခင် နှစ်တွေအတွင်းမှာ အနောက်တိုင်းနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.