မော်စကို ၊ မတ် ၉
နေတိုးမဟာမိတ်အဖွဲ့ထဲကို ဆွီဒင်နိုင်ငံရောက်ရှိလာပြီးနောက် ဥရောပမှာ အင်အားအပြည့်သုံးပြီး တိုက်ခိုက်ရတဲ့ စစ်ပွဲဖြစ်လာနိုင်တယ်လို့ ရုရှာထိပ်တန်းအရာရှိတစ်ဦးက သတိပေးလိုက်ပါတယ်။
ရုရှားစစ်တပ်ရဲ့ စစ်အကယ်ဒမီအကြီးအကဲ ဗိုလ်မှူးဗလာဒီမာ ဇာရုနစ်စကီးက ဆွီဒင်ကိုအဖွဲ့ဝင်အဖြစ် နေတိုးက လက်ခံပြီးနောက် အခုလိုသတိပေးခဲ့တာပါ။
အနောက်တိုင်းဟာ သူ့ကိုယ်စားတပ်ဖွဲ့တွေမှာ ပါဝင်မယ့် နိုင်ငံအရေအတွက်ကို တိုးချဲ့ပြီးတော့ ယူကရိန်းစစ်ပွဲအရှိန်မြင့်လာအောင် လုပ်ဆောင်နေတာကြောင့် ဥရောပမှာ ကြီးကြီးမားမား စစ်ပွဲ ဖြစ်လာနိုင်ခြေကို ပယ်ချထားလို့မရဘူးလို့ RIA သတင်းဌာနက ဖော်ပြထားပါတယ်။
ဒါ့အပြင်အနောက်တိုင်းဟာ အဲဒီလိုအင်အားစုတွေကိုအသုံးချပြီး ရုရှားကို စစ်ရေးအရ ထိပ်တိုက်တွေ့ဖို့ ကြိုးစားနေတယ်လို့လည်းသူက ပြောပါသေးတယ်။
ဒုတိယကမ္ဘာစစ်အလွန် ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့အထိကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့တဲ့ ဆွီဒင်ဟာ နေတိုးအဖွဲ့ရဲ့ ၃၂ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။
ရုရှားသမ္မတဗလာဒီမာပူတင်က နျူကလီးယားစစ်ပွဲဖြစ်လာနိုင်ခြေရှိတယ်လို့ ခြိမ်းခြောက်ထား ပြီး သူ့ရဲ့နျူကလီးယားတပ်ဖွဲ့တွေအားလုံးကို ခေတ်နဲ့တပြေးညီဖြစ်အောင် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဥရောပနိုင်ငံတွေကတော့ ယူကရိန်းစစ်ပွဲမှာ ရုရှားအနေနဲ့ ကြီးကြီးမားမားအောင်ပွဲရရှိခဲ့မယ်ဆိုပါက ကျန်နိုင်ငံတွေကိုလည်း တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေတာပါ။
ပြင်သစ်သမ္မတ မက်ကရွန်ကတော့ အနောက်တိုင်းတပ်ဖွဲ့တွေကို ယူကရိန်းသို့ စေလွှတ်နိုင်တယ် လို့ပြောထားတာကြောင့် စစ်ပွဲကြီးတစ်ပွဲ ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။
အနောက်တိုင်းက ယူကရိန်းသို့ တပ်ဖွဲ့တွေ စေလွှတ်ခဲ့မယ်ဆိုပါက တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။
Ref:Inpendent