မြဝတီ၊ မတ် ၈

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်အနီးက သဘာဝတရားရိပ်သာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အဘိုးအို ၂ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ မတ် ၈ ရက်နေ့ ၁၁ နာရီအချိန်ခန့်မှာ သင်္ဃန်းညီနောင်အနီး ရွာသစ်ကျေးရွာရှိ သဘာဝတရားရိပ်သာကို စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတာ ဖြစ်ပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲခံရတာကြောင့် အသက် ၇၀ အရွယ် အဘိုးအို၂ ဦးဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အဘိုးအို၊ အဘွားအို ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အဘိုးအို၊အဘွားအိုတို့ကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ မြဝတီပြည်သူ့ဆေးရုံထံ ပို့ဆောင်ကုသပေးထားတယ်လို့ ဆိုပါတယ်။

သဘာဝတရားရိပ်သာမှာ အဘိုးအို၊ အဘွားအို ၄၀ ကျော်ရှိနေပြီး ကျန်ရှိနေတဲ့ အဘိုးအို၊အဘွားအိုတို့အား မြဝတီမြို့က စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းတော်ကြီးကျောင်းထံ ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။

သင်္ဃန်းညီနောင်ဒေသမှာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ၁၀ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

သတင်း –  သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.