မော်လမြိုင်၊ မတ် ၈
ရခိုင်ပြည်နယ်မှာ ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှာရှိတဲ့ ရိုဟင်ဂျာ ၉၀၀ ကျော်ကို စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သားစုဆောင်းထားတယ်လို့ ရိုဟင်ဂျာအရေးကူညီပေးနေသူတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဟာ စစ်တွေ၊ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေအပြင် ဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံပြီး ရိုဟင်ဂျာတွေ မဖြစ်မနေစစ်မှုထမ်းဆောင်ရမယ်လို့ ပြောဆိုခဲ့တာပါ။
တွေ့ဆုံပွဲမှာ စစ်ကောင်စီက ကျေးရွာကြီးတွေ တစ်ရွာကို ရိုဟင်ဂျာ ၁၀၀ ဦးနဲ့ ရွာငယ်တွေက ၅၀ ဦး ရပ်မိရပ်ဖတွေဆီကတစ်ဆင့်ပေးဖို့ ပြောဆိုခဲ့တာပါ။
အဲဒီနောက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ပေါ်က ရိုဟင်ဂျာ ၃၀၀၊ ဘူးသီးတောင်မှာ ၄၀၀ နဲ့ မောင်တောအပါအဝင် ဒုက္ခသည်စခန်းတွေဆီက ၂၀၀ ဦး၊ စုစုပေါင်း ၉၀၀ ဦး တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က တပ်သားသစ်စုဆောင်းခံထားရတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးမယ်ဆိုတဲ့ မက်လုံးနဲ့ စည်းရုံးတာတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ ရိုနေဆန်းလွင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့က (စစ်ကောင်စီတပ်) ကိုယ့်ရပ်ရွာကိုယ် ကိုယ့်ဒုက္ခသည်စခန်းကို ကာကွယ်ဖို့လို့ပြောတယ်။ ပထမတော့ အတင်းအကျပ်မလုပ်ဘူးပေါ့နော်။ လုပ်အားပေးသဘောပဲ ကိုယ့်စိတ်ဆန္ဒနဲ့ကိုယ် ဝင်ရမယ်လို့ပြောတယ်။ ဒါပေမယ့် နောက်နေ့ကျတော့ ကားတွေကိုဒုက္ခသည်စခန်းတွေ၊ ရွာတွေဆီလွှတ်ပြီးတော့ မဖြစ်မနေဝင်ရမယ်ဆိုပြီးတော့ ဖိအားပေးတယ်။ သင်တန်းပြီးလို့ရှိရင် နိုင်ငံသားကိ စ္စတွေ ပြေလည်အောင်လုပ်ပေးမယ်။ လစာလည်း တစ်သိန်းခွဲပေးမယ်ဆိုပြီးတော့ စစ်တွေဘက်မှာ ပြောထားတာရှိတယ်။ တကယ်တမ်းမှာတော့ ဒါတွေက တကယ်ဖြစ်လာမယ်ဆိုတာ ဘာမှမသိရသေးတဲ့အပြင် တကယ်လည်းဘာမှ မဖြစ်လာသေးဘူး”လို့သူက ဆိုပါ တယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ စစ်တွေ၊ဘူးသီးတောင်၊ မောင်တောဘက်မှာလည်း ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေဆီကတဆင့် ရိုဟင်ဂျာတွေကို တပ်သားသစ်အဖြစ်စုဆောင်းထားပြီး စစ်သင်တန်းစပေးနေပြီလို့ သိရပါတယ်။
အခုလိုစစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဖို့လုပ်ဆောင်နေတာဟာ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေကြား သွေးကွဲအောင် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အားလုံးက ငြင်းဆန်နေကြတယ်လို့ ရိုနေဆန်းလွင်က ပြောပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ ရိုဟင်ဂျာရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတဲ့အတွက် ကလေးငယ်တွေအပါအဝင် သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုး ၂ သိန်းနီးပါးရှိပြီး သူတို့အနေနဲ့ စစ်တပ်နဲ့အတူရပ်တည်ပြီး တိုက် ပွဲဝင်လိုစိတ်မရှိဘူးလို့လည်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
ရက္ခိုင့်တပ်တော် AA ကလည်း ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်လူငယ်တွေကို စစ်ကောင်စီတပ်က အတင်းအကျပ်ဖမ်းဆီး ခေါ်ဆောင်နေပြီး ရှေ့တန်းစစ်မြေပြင်တွေမှာ အသေခံတပ်သားအဖြစ်စေခိုင်းကာ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားရှိတဲ့ မွတ်စလင် ၁၀၇ ဦးကို ကျောက်ဖြူအခြေစိုက် ခလရ ၅၄၂ က သူတို့ရဲ့ ဆန္ဒမပါဘဲ အဓမ္မဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Twitter