ဝါရှင်တန်၊ မတ် ၉

အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတော်စည်းလုံးညီညွတ်ရေး နောက်ဆုံးမိန့်ခွန်း မှာ သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်အနေနဲ့ ယူကရိန်းကို ကျောခိုင်းထားရစ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ယူကရိန်းကို အမေရိကန်ထပ်ပြီးပို့ပေးမယ့် အကူအညီတွေအတွက် လွှတ်တော်မှာ သဘောတူညီမှုရရှိဖို့ ခက်ခဲနေပြီး ဥရောပနိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ အကူအညီကို မျှော်လင့်နိုင်တော့မှာမဟုတ်ဘဲ ကိုယ့်အားကိုယ် ကိုးရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေထွက်ပေါ်နေချိန်မှာ ဘိုင်ဒန်က အခုလိုပြောခဲ့တာပါ။

ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ မိမိတို့အနေနဲ့ အနောက်တိုင်းရဲ့အကူအညီတွေမရှိဘဲ ရုရှားကို ကြန့်ကြန့်ခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အသိပေးထားပါတယ်။

ဘိုင်ဒန်က အမေရိကန်ရဲ့ အနာဂတ်သဘောထားနဲ့ပတ်သက်ပြီး တရုတ်ရဲ့ မမျှတတဲ့ စီးပွားရေး အမူအကျင့်တွေကို ဆန့်ကျင်သွားမှာဖြစ်သလို အိန္ဒိယလိုမဟာမိတ်နိုင်ငံတွေနဲ့ လက်တွဲသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေး၊ငြိမ်းချမ်းရေးတို့အတွက်လည်း အမေရိကန်က ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

အမေရိကန်အနေနဲ့ တရုတ်နဲ့ ပြိုင်ဆိုင်ချင်ပေမယ့် ပဋိပက္ခဖြစ်ပွားလိုတဲ့ဆန္ဒမရှိဘူးလို့လည်း ဘိုင်ဒန်က ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ဒန်က ထရန့်ရဲ့နာမည်ကိုထည့်သွင်းပြောဆိုခဲ့တာမရှိပေမယ့် သူဟာပူတင်ရှေ့မှာ ဦးညွှတ်နေတာဖြစ်တယ်လို့ ပြောသွားပါတယ်။

မိမိအနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သတင်းစကားပါးလိုတာကတော့ အန္တရာယ်ကြုံနေတဲ့ ယူကရိန်းကို ပစ်ထားပြီး ကျောခိုင်းထွက်ခွာသွားမှာ မဟုတ်ဘူးဆိုတာပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အစ္စရေးခေါင်းဆောင်တွေအနေနဲ့လည်း ဂါဇာမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီ ပေးပို့ခွင့်ပြုဖို့ ဘိုင်ဒန်က တောင်းဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.