မော်လမြိုင် ၊ မတ် ၈

ထိုင်းနိုင်ငံထဲကို ရော်ဘာတွေ တရားမဝင်တင်ပို့နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မွန်ပြည်နယ်က တင်ပို့မယ့် ရော်ဘာတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီ ညွှန်ကြားထားတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်ထွက် ရော်ဘာတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်တင်ပို့မှုတွေ ရှိနေတယ်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ အထောက်အထားမဲ့ ရော်ဘာတွေကိုဖမ်းဆီးဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က ညွှန်ကြားလာတာပါ။

အဲဒီနောက် ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့လည်း မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ မော်လမြိုင်-ဘားအံကား လမ်းမပေါ်မှာ ရော်ဘာတင်ဆောင်လာတဲ့ ကားတစ်စီးကို စစ်ကောင်စီက တရားမဝင်သယ်ဆောင်မှုနဲ့ ဖမ်းဆီးပြီး ရော်ဘာတန်ချိန် ၈ တန်နီးပါး သိမ်းဆည်းကာ ယာဉ်မောင်းကိုပါ ဖမ်း ဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံကိုတင်ပို့မယ့် ရော်ဘာတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးနေတာကြောင့် မွန်ပြည်နယ်မှာ ရော်ဘာတစ်ပေါင် ကျပ် ၁၈၀၀ ကနေ ကျပ် ၁၆၀၀ အထိ ဈေးနှုန်းကျဆင်းလာသလို ဈေးကွက်အတွင်း ကမောက်ကမ အခြေအနေနဲ့ ကြုံနေရတာပါ။

“ထိုင်းလမ်းကြောင်းက သူတို့ဘက်က ပိတ်ခိုင်းတယ်။ အထူးသဖြင့် ကျွန်တော်တို့ မွန်ကနေပြီးတော့ ကရင်ကိုအကူးမှာကို သူတို့ကအကုန်ဖမ်းခိုင်းထားတာ။ အခုကမ္ဘာ့တန်ဈေးကလည်း အမြင့်ကိုတက်နေပြီ။ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင် တစ်ပေါင် ကျပ် ၃၆၀၀ ကျော်သွားပြီ။ ကျွန်တော်တို့မှာက သူတို့ရဲ့တစ်ဝက်ဈေးလောက်ပဲ ရှိတဲ့အခါကျတော့ ရောင်းဖို့ကတော်တော်လေးကို အားမပါတော့ဘူးပေါ့။ အရောင်းအဝယ်လည်း မဖြစ်ကြဘူး ပေါ့”လို့ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ထိုင်းနိုင်ငံတင်ပို့မယ့် ရော်ဘာတွေကို မွန်ပြည်နယ်နဲ့ကရင်ပြည် နယ် လမ်းကြောင်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်တွေနဲ့ တံတားတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးတာ၊ အထောက်အထားမပါပါက ဖမ်းဆီးပြီး ပို့ကုန်သွင်းကုန်ပုဒ်မတွေနဲ့ အရေးယူတာတွေ လုပ် ဆောင်နေပါတယ်။

ရော်ဘာလုပ်ငန်းရှင်တွေကိုလည်း စစ်ကောင်စီက ထိုင်းနိုင်ငံထဲ တရားမဝင်လမ်းကြောင်းတွေကနေ ရော်ဘာတင်ပို့တာတွေမလုပ်ဖို့ ခံဝန်ထိုးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အဓိက ဘယ်လိုပိတ်လဲဆိုတော့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကဖြစ်မယ်။ ဘုရားသုံးဆူဘက်ခြမ်းကို ပေးမဝင်တော့ဘူး။ အဲဒီမှာကားဝင်လို့ မရဘူး။ တစ်ခါအဲဒီဘက်ခြမ်း ပိတ်သွားတော့ သာမညဘက်ခြမ်းကို တစ်ခါရွှေ့ ပြန်၊ သာမည ထို့ကိုကိုးလမ်းကနေတက်မယ်ဆိုပြီး ရွှေ့ပြန်တော့လည်း တစ်ခါဇာသပြင်တံတားမှာ အဖမ်းအဆီးတွေကရှိပြန်။ နောက်ပြီးတော့ တရားမဝင်လမ်းကြောင်းကနေ မသွားရဘူးဆိုတဲ့အကြောင်း ခံဝန်လက်မှတ်ထိုးခိုင်းတယ်”လို့ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်ဟာ ရော်ဘာတွေကို တရုတ်နဲ့ထိုင်းနိုင်ငံကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပြီး ရော် ဘာကဏ္ဍကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းနဲ့ချီဝင်ငွေရရှိနေတာ ဖြစ်ပါတယ်။

ရော်ဘာလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ ထိုင်းနိုင်ငံတင်ပို့မယ့် ရော်ဘာတွေကို ဖမ်းဆီးမှုတွေကြောင့် မွန်ပြည်နယ်ထွက် ရော်ဘာတွေဟာ ဈေးကွက်ပျောက်မယ့် အခြေအနေနဲ့ ကြုံနေရတာပါ။

ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြွေးကြော်နေတဲ့ စစ်ကောင်စီအနေနဲ့ အခုလိုမူဝါဒအလွဲမှားတွေ ချမှတ်လုပ်ဆောင်နေတဲ့အတွက် ရော်ဘာကဏ္ဍတစ်ခုလုံးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

နိုင်ငံအတိုင်းအတာအရ ရော်ဘာအများဆုံးထွက်ရှိနေတဲ့ မွန်ပြည်နယ်ဟာ ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.