ဆီဆိုင်၊ မတ် ၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့မှာ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်ကနေ ဒရုန်းနဲ့ ဓာတုအဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတုအဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် PNLA ရဲဘော်တွေနဲ့ ပြည်သူတွေဟာ အရေးပြားယားယံတာ၊ မူးဝေတာ၊ အသက်ရှူမြန်တာ၊ မအီမသာခံစားရတာ၊ မောပန်းတာနဲ့ အောက်ဂျင်စီကျတာစတဲ့ ဝေဒနာတွေကို ပုံစံတူ ခံစားနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ခဲ့တဲ့ ပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ PNLA က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ်ထဲကို လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်မှုကြောင့် နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ ဆီဆိုင်မြို့ကို လက်နက်ကြီး၊ ဒရုန်းအပြင် ဓာတုအဆိပ်ငွေ့ဗုံး တိုက်ခိုက်တာ မရှိဘူးလို့ ဒီနေ့ မတ် ၇ ရက်နေ့မှာ ဝါဒဖြန့် MRTV ကနေ ငြင်းဆိုပါတယ်။

ဒါ့အပြင် ဆီဆိုင်မြို့အတွင်း ဒရုန်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုတွေဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့မှာ  ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ စစ်ကောင်စီတပ်နဲ့ PNLA တပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အရပ်သားပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.