မော်လမြိုင် ၊ မတ် ၇

နယ်စပ်ကုန်သွယ်မှု အခက်အခဲတွေနဲ့အတူ ပဲအရည်အသွေး ကျဆင်းလာမှုကြောင့် မွန်ပြည်နယ်မှာ ပဲတီစိမ်းတွေ အဝယ်ရပ်နားထားတဲ့အတွက် အခက်ကြုံနေရတယ်လို့ ပဲစိုက်တောင်သူတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ပဲစိုက်တောင်သူတွေဟာ မတ်လပထမအပတ်ကစပြီး ကုန်သည်တွေက ပဲတီစိမ်းနဲ့ ပဲတီစိမ်း(ရွှေဝါ) တို့ကို ဝယ်ယူမှုကန့်သတ်လာတာကြောင့် ရောင်းချလို့မရတဲ့အတွက် ဒုက္ခကြုံနေရကြတာပါ။

ကုန်သည်တွေက ပဲတီစိမ်းတွေ အရည်းအသွေးကျဆင်းလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခူးပဲတစ်မျိုးတည်းကိုသာ ဝယ်ယူပြီး စက်နယ်ပဲတွေကို မဝယ်ယူတဲ့အတွက် အရှုံးပေါ်မယ့် အခြေအနေနဲ့ တောင်သူတွေ ရင်ဆိုင်နေရတာပါ။

ပဲစိုက်တောင်သူတစ်ဦးကတော့ ပဲတီစိမ်းဝယ်ယူမှု ရပ်ထားတဲ့အတွက် ဘယ်လိုမှရောင်းချလို့ မရတာကြောင့် အရှုံးကြီးရှုံးမယ့်အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

“ကုန်စည်ဒိုင်တွေကလည်း အခုဆိုရင် ပဲတီစိမ်းကို သူတို့ကတအားကြီးကောင်းတဲ့ လက်ထိုးခူးထားတဲ့ ကောင်တွေလောက်ပဲ ယူတော့တယ်။ အညံ့စားတွေကို လုံးဝမဝယ်တော့ဘူး။ ကုန်သည်တွေ မဝယ်တော့ ကျွန်တော်တို့ တောင်သူတွေ အဲဒီဥစ္စာတွေကိုရောင်းဖို့က ဘယ်လိုမှအဆင်မပြေတော့ဘူး ဖြစ်သွားတယ်။ အရင်းအနှီးတွေချပြီး စိုက်ထားတဲ့ဟာက ရောင်းလို့မရဘူးဆိုရင်တော့ တော် တော်အကုန်လုံး အရှုံးပေါ်တာပေါ့။ ရှုံးတာမှ ပက်ပက်စက်စက်ကို ရှုံးတာပေါ့”လို့ ဆိုပါတယ်။

ပဲတီစိမ်းဝယ်ယူရပ်နာထားတာကြောင့် ပဲတီစိမ်းဈေးနှုန်းကလည်း တစ်တင်းကို ကျပ် ၅၈၀၀၀ အထိ ဈေးနှုန်းကျဆင်းလာသလို ပဲတီစိမ်း(ရွှေဝါ)ကလည်း ကျပ် ၇၃၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းထိုးကျလာခဲ့တာပါ။

ပဲတီစိမ်းအမျိုးအစားကိုသာ ဝယ်ယူမှုရပ်နားထားပေမယ့် ကျန်ပဲတွေဖြစ်တဲ့ မတ်ပဲ၊ ပဲပုပ်၊ ဘိုကိတ်၊ ပဲလွန်းဖြူနဲ့ ပဲကြားတို့ကို ပုံမှန်အတိုင်း ဝယ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ပဲကုန်သည်တစ်ဦးကတော့ ပဲတီစိမ်း အရည်အသွေး ကျဆင်းလာတာ၊ နယ်စပ်ကုန်သွယ်ရေး ခက်ခဲလာတာ၊ ရေကြောင်းတွေကတဆင့် တရုတ်နိုင်ငံထဲ သွင်းနေရတာကြောင့် ဝယ်ယူမှု ကန့်သတ်ထားတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပို့ကုန်ပို့ဖို့ အခက်အခဲရှိတယ်။ တောင်ကြီး-မိုင်းလားလမ်းက ပုံမှန်ကုန်သွယ်ရေးလမ်းကြောကြီး မဟုတ်တဲ့အတွက်ကြောင့်မို့လေ။ ကားတွေက တအားကျပ်တယ်။ ရှေ့တိုးလို့လည်းမရဘူး။ နောက် ဆုတ်လို့လည်းမရဘူး။ ဘာမှလုပ်လို့မရဘူး ဆိုတဲ့အခါကျတော့ ဒီဘက်မှာကလည်း ကားတွေမရောက်တော့ ငွေမရဘူး။ ငွေမရတော့ ဒီဘက်မှာ ဆက်ဝယ်ဖို့လည်း မဖြစ်နိုင်ဘူး။ လက်ရှိအနေအ ထားက ပုံမှန်ကျရိုးကျစဉ်အတိုင်း မဟုတ်ဘူးပေါ့နော်။ ကုန်သွယ်မှု ပြဿနာတွေပေါ့။ နည်းနည်း အခက်အခဲလေးတွေရှိတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲတီစိမ်းတွေကို ရေလမ်းကြောင်းတွေကတစ်ဆင့်တင်ပို့တဲ့ နေရာမှာလည်း အချိန်ကြန့် ကြာမှု ရှိတာ၊ ကုန်ကျစရိတ် ပိုမိုကုန်ကျတာတွေအပြင် အချိန်မီရောက်ရှိချင်မရှိတဲ့အတွက် အရည် အသွေးကျဆင်းပြီး ဈေးနှုန်းတွေပါ ကျဆင်းလာရတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒေသထွက် ပဲတီစိမ်းတွေကိုတော့ တရုတ်နိုင်ငံက အဓိကဝယ်ယူနေတာဖြစ်ပြီး ပဲတီစိမ်းဈေးနှုန်း ပြန်လည်ကောင်းမွန် လာဖို့အတွက်ဆိုရင် တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပုံမှန်အတိုင်း ပြန်ဖြစ် လာဖို့ လိုအပ်နေတယ်လို့ ပဲကုန်သည်တွေက ပြောဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ ဆောင်ရာသီ သီးနှံအဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်နဲ့ ပဲတီစိမ်း ရွှေဝါတွေကို အ ဓိက စိုက်ပျိုးပြီး စိုက်ပျိုးမှု ဧက ၁၇၀,၀၀၀ ကျော် ရှိကာ နှစ်စဉ် ပဲမျိုးစုံ တန်ချိန် ၂၀,၀၀၀ ဝန်းကျင် ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ ပဲမျိူးစုံကိုတော့ တရုတ်နဲ့အိန္ဒိယနိုင်ငံထံ အဓိကတင်ပို့ရောင်းချနေပြီး ပဲကဏ္ဍကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီဝင်ငွေရရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.