နမ့်ဆန်၊ မတ် ၇

ရှမ်းမြောက်ရှိ မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ကြေညာလိုက်တာဟာ နှစ်ဘက်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်လာမှာကို အထူးစိုးရိမ်မိတယ်လို့ ညီနောင်သုံးဖွဲ့က တုံ့ပြန်ပါတယ်။

နှစ်လနီးပါးကြာ အပစ်ခတ်ရပ်စဲထားတဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးကို TNLA သိမ်းပိုက်ထားတဲ့ မြို့နယ်သုံးခုအတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင် ရာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ အာဏာအပ်နှင်းခဲ့တယ်လို့ မတ် ၄ ရက်နေ့မှာ ကြေညာခဲ့တာပါ။

တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC တို့ဟာ အခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဟိုင်ဂင်သဘောတူညီချက်ကို နှစ်ဘက်အပစ်ခတ်ရပ်စဲတဲ့အနေနဲ့ အသိသက်သေတွေအရှေ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားရမှာဖြစ်ပြီး အဲဒီကနေတဆင့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ မြောက်ပိုင်းဒေသအတွင်း ပြည်သူတွေ စစ်ဘေးဒဏ်ကနေ ပြန်လည်ထူထောင်နိုင်ဖို့ ဆက်ညှိနှိုင်းပြီး ခိုင်မာတဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်နိုင်ဖို့ ကတိပြုခဲ့ကြတာပါ။

အဲဒီသဘောတူညီချက်ကို အကောင်အထည်ဖော်တာ၊ သုံးသပ်ဆွေးနွေးတာတွေ ပြုလုပ်နိုင်ဖို့ စာ ချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေက တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပုံမှန်တွေ့ဆုံပွဲတွေကို တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့တာရှိပြီး စတုတ္တကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီ ၂၉ ကနေ မတ် ၁ ရက်နေ့အထိ တွေ့ဆုံခဲ့ကြတယ်လို့ ညီနောင်သုံးဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာ နယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲမှုခိုင်မာရေးတို့အပြင် ဟိုင်ဂင်သဘောတူညီချက်စာချုပ်မှာပါတဲ့ အခြားသောအချက်အလက်တွေကို တဆင့်ပြီးတဆင့် ညှိနှိုင်းအကောင်အထည်ဖော်နေတဲ့ ကာလဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကာလအတွင်း ညီနောင်သုံးဖွဲ့တို့ အပြည့်အဝထိန်းချုပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စီမံအ ကောင်အထည်ဖော်နေတဲ့ မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာတဲ့ လုပ် ရပ်ဟာ ဒေသတွင်းပြည်သူတွေကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်ပြီး ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်တယ်လို့ မတ် ၆ ရက်နေ့မှာ သဘောထား ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -Three Brothers

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.