နမ့်ဆန် ၊ မတ် ၇

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ ရှမ်းမြောက်ရှိ မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခဲ့တဲ့အပေါ် တအာင်းတပ်မတော် TNLA က ရုတ်သိမ်းလိုက်ပြီလို့ မတ် ၆ ရက်နေ့မှာ အသိပေးကြေညာပါတယ်။

ရှမ်းမြောက်ဒေသမှာ နှစ်လနီးပါးကြာ အပစ်ခတ်ရပ်စဲထားပြီးနောက် မတ်လဆန်းမှာတော့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ဟာ တရုတ်ကြားဝင်ဦးဆောင်ပေးမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဲဒီဆွေးနွေးပွဲအပြီး မတ် ၄ ရက်နေ့မှာ စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ရှမ်းမြောက်က TNLA သိမ်းပိုက်ထားတဲ့ မြို့နယ်သုံးခုအတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင် ရာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ အပ်နှင်းခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

တအာင်းတပ်မတော် TNLA ကတော့ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်ဟာ ဒေသခံလူထုတွေကို ထိတ်လန့်စေဖို့ လုပ်ဆောင်တာဖြစ်တဲ့အတွက် အဲဒီကြေညာချက်အပါအဝင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ထုတ်ပြန်ခဲ့တဲ့ ကန့်သတ်ချက်အမိန့်တွေအားလုံးကို ရုတ်သိမ်းလိုက်ပြီလို့ ထုတ်ပြန်လာတာပါ။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်က စစ်အုပ်ချုပ်ရေးကြေညာတာဟာ ဂိုက်ထုတ်ချင်တဲ့ သဘောသာဖြစ်ပြီး အဲဒီဒေသမှာ အခိုင်အမာအုပ်ချုပ်နေတဲ့ TNLA ရဲ့ ပြောဆိုချက်ကသာ ပိုပြီးအကျိုးသက်ရောက်မှုရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စကစ ပြန်တိုက်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဂိုက်ထုတ်တာပဲ။ အဲဒါအချုပ်အခြာအာဏာပိုင်တယ် ၊ ဗမာပြည်တစ်ပြည်လုံး သူတို့အချုပ်အခြာအာဏာပိုင်ထားတယ်။ ဒါကြောင့်မို့လို့ စစ်အုပ်ချုပ်ရေးထုတ်လိုက်တာပေါ့ဗျာ။ အခုအခိုင်အမာအုပ်ချုပ်နေတာ ဘယ်သူလဲမူတည်တယ်လေ။ အခိုင်အမာအုပ်ချုပ်နေတာ TNLA ဆိုရင် TNLA ရဲ့ အမိန့်ကပိုပြီး သက်ရောက်မှုရှိမှာပေါ့။ အခုက အခိုင်အမာအုပ်ချုပ်နေတာ TNLA ဖြစ်တော့ သူ့ပြောဆိုချက်က ပိုပြီးတော့ အကျိုးသက်ရောက်တာပေါ့ဗျာ”လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ကနေ ထိန်းချုပ်ပြီး စီမံအုပ်ချုပ်တဲ့ ရှမ်းမြောက်ရှိ မြို့ ၇ မြို့မှာ ဒေသတွင်း စီမံအုပ်ချုပ်တဲ့ လုပ်ငန်းတွေ တည်ငြိမ်တိုးတက်လာတဲ့အတွက် ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်အပါအဝင် စစ်ဆင်ရေးကာလအတွင်း လိုက်နာရမယ့် ကန့်သတ်ချက်တွေအားလုံးကို TNLA က ရုတ်သိမ်းခဲ့တာပါ။

TNLA အနေနဲ့ ဦးဆောင်အုပ်ချုပ်တဲ့ မြို့ရွာဒေသတွေမှာ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်အပါအဝင် လောင်းကစားတွေ ကင်းစင်‌ရေး၊ဒေသတည်ငြိမ်အေးချမ်း‌ရေးအတွက် မျှတတဲ့ဥပဒေနဲ့ စီမံအုပ်ချုပ်မှုတွေနဲ့ ကြိုးပမ်းအကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ TWO ရဲ့ ပြောခွင့်ရသူက မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့တွေမှာ TNLA ကနေ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီး မြို့တွင်းနေ ပြည်သူတွေအ တွက် ရေမီးရရှိရေးကိုလည်း အလေးထားလုပ်ဆောင်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ ဒီသုံးမြို့ နယ်မှာဆိုရင်တော့ TNLA ရဲ့ အုပ်ချုပ်‌ရေးယန္တရားကတော့ စတင်လည်ပတ်နေတဲ့ အနေအထားမျိုးတော့ ရှိနေတယ်။ အကုန်လုံးကတော့ လည်ပတ်နေတာမျိုး မရှိသေးဘူး။ အဓိကကတော့ အုပ်ချုပ်ရေးပိုင်း တရားဥပဒေစိုးမိုးရေးပိုင်းမှာ ရဲဌာနတွေ ပစ်မှုကိုင် တွယ်နေတဲ့အပိုင်းတွေ နောက်တစ်ခုက မြို့တွေစည်ပင်သာယာရေးကိစ္စတွေ‌ပေါ့။ မြို့တွင်းမှာ လူထုတွေအတွက် ရေမီးရရှိရေးကိစ္စရပ်မှာဆိုရင်လည်း အခုဆိုအဓိကအပိုင်းတွေမှာ ပိုအလေးထားပြီး ဆောင်ရွက်နေတဲ့အပိုင်းတွေရှိတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာ ဒေသခံလူထုအများစု သွားလာလှုပ်ရှားတဲ့နေရာတွေ လမ်းတွေမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို TNLA ကနေ မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးနေသလို ပေါင် ၅၀၀ ရှိ ဗုံးသီးကျခဲ့တဲ့ လူထုနေအိမ်ဝင်းကိုလည်း တူးဖော်ရှင်းလင်းနေတာရှိတယ်လို့ TWO က ဆိုပါတယ်။

ဒါ့အပြင် TNLA ထိန်းချုပ်ဒေသတွင်းက ပြည်သူတွေဟာ စစ်ကောင်စီထိန်းချုပ်နယ်မြေတွေကို သွားပြီး စီးပွားကူးသန်းရာမှာ ခိုင်လုံတဲ့အကြောင်းအပြချက်မရှိဘဲ ဆန်အရောင်းအဝယ်လုပ်သူတွေကို စစ်တပ်က ဆန်အကန့်အသတ် တင်ခိုင်းသလို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။

TNLA အနေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေနဲ့အတူ တရုတ်ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီနဲ့ ဟိုင်ဂင်သဘောတူညီချက်စာချုပ်ကို အခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးပြီး တအာင်းဒေသအပါအဝင် ရှမ်းမြောက်ဒေသမှာ အပစ်ခတ်ရပ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ မြို့နယ် ၆၁ ခုအထိ ကြေညာထားပြီး အဲဒီမြို့နယ်တွေမှာ နေထိုင်သူ ၈ ဒသမ ၂ သန်းရှိတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.