YANGON, MYANMAR - JULY 14: Women holding banners, emergency flare sticks and fire sticks as they march during a demonstration against the military coup in Yangon on July 14, 2021. (Photo by Yan Naing Aung/Anadolu Agency via Getty Images)

ရန်ကုန် ၊ မတ် ၅

အာဏာသိမ်းကာလမှာ အမျိုးသမီးတွေအပေါ် စစ်အုပ်စုလက်ပါးစေတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုအတွင်း အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု အမျိုးသမီး ၁၄ ဦးအထိ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကနေ သိရပါတယ်။

AAPP ရဲ့ မှတ်တမ်းတွေအရ သတ်ဖြတ်ခံရမှုတွေမှာ အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်တာ ဒါမှမဟုတ် သတ်ဖြတ်ပြီးနောက် အဓမ္မပြုကျင့်မှုခံခဲ့ရတဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်သုံးဦးအပါအဝင် အမျိုးသမီး ၁၄ ဦးအထိ ရှိခဲ့တာပါ။

ဒါ့အပြင် သီးခြားပြုစုထားတဲ့ အတည်ပြုဖို့လိုအပ်နေသေးတဲ့ အဓမ္မပြုကျင့်ခံရပြီးနောက် သတ် ဖြတ်ခံရသူ အ သက် ၁၈ နှစ်အောက် မိန်းကလေးနှစ်ဦးအပါအဝင် အမျိုးသမီးရှစ်ဦးရှိနေသေးတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

AAPP အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက မြေပြင်မှာ အခုထက်ပိုများပြားနိုင်ပြီး တော်လှန်ရေးကာလအတွင်း စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒါက ကျွန်တော်တို့ဆီကို ရောက်လာတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ပြောရတာဖြစ်တယ်။ ကျန်တဲ့အချက်အလက်တွေ တခြားနေရာတွေမှာ ဒီလိုမျိုးဒီထက်ပိုတဲ့ ကိန်းဂဏန်းအ‌ရေအတွက်တွေပဲ ရှိနိုင်တယ်။ ဒီထက်လျော့စရာမရှိဘူး။ မြေပြင်မှာပိုပြီးများပြားနိုင်တယ်။ တော်လှန် ရေးကာလအတွင်း အဓမ္မပြုကျင့်တာအပါအဝင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေက တောက် လျှောက် ဒီစစ်အုပ်စုက ကျူးလွန်နေတယ်။ အဲဒါတွေက နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ပြဌာန်းချက်တွေအရ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေမြောက်နေတယ်ဆိုတာ ကျွန်တော်တို့ သုံးသပ်လို့ရတယ်။ အဲဒီတော့ စစ်အုပ်စုက ပြောင်ပြောင်တင်းတင်းပဲ နိုင်ငံတကာရာ ဇဝတ်မှုတွေကိုပါ ကျူးလွန်နေတာ”လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကနေစပြီး အမျိုးသမီးတွေအပါအဝင် ကလေးသူငယ်တွေ လိင်စိတ်ခံယူမှုကွဲပြားသူတွေနဲ့ အမျိုးသားတွေမှာ စစ်အုပ်စုလက်အောက်ခံ စစ်သားတွေ ရဲတပ်သားတွေ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ လက်ပါးစေတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို နိုင်ငံတဝန်းဆိုးရွားစွာ ကြုံတွေ့နေကြရတာပါ။

အချို့သူတွေဟာ အသက်သေဆုံးတဲ့အထိ အကြမ်းဖက်ခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်တဲ့ နစ်နာခံစားရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအနေနဲ့ ရုပ်ပိုင်းစိတ်ပိုင်း ထိခိုက်ခံစားနေကြရကာ လူမှုဘဝပြန် လည်ထူထောင်ရာမှာလည်း စိန်ခေါ်မှုတွေကို ရုန်းကန်ကျော်လွှားနေကြရတယ်လို့ AAPP က ဆိုပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် WLB အထွေထွေအတွင်းရေးမှူးနန်းမို့မို့က အကြမ်းဖက်ခံရတဲ့ နစ်နာသူ အမျိုးသမီးတွေနဲ့ကျန်ရစ်သူ မိသားစုတွေအတွက် တရားမျှတမှုရရှိဖို့ အားလုံးဝိုင်းဝန်းလုပ်‌ဆောင်ဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေအနေနဲ့ အထူးသဖြင့် လုပ်ဆောင်ဖို့လိုတဲ့ လုပ်လည်းလုပ်နေတဲ့ နစ် နာသွားတဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ၊ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ တရားမျှတမှုရရှိရေးအတွက်ကို ကျွန်မတို့ကြိုးပမ်းဖို့လိုတယ်။ တစ်ဖက်မှာလည်း ကျူးလွန်သူကို တာဝန်ယူမှု တာဝန်ခံမှုရှိအောင် အပြစ်ပေးအရေးယူတာတွေ လုပ်ဆောင်ဖို့လိုတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒီလိုမျိုးလုပ်ဆောင်တဲ့အခါ အမျိုးသမီးအဖွဲ့တွေအနေနဲ့ပဲ လုပ်ဆောင်တာက ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး။ အောင်မြင်သွားမယ့် ကိစ္စမဟုတ်ဘူး။ ဒါကိုအားလုံးကနေ ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုတယ်။ အထူးသ ဖြင့် ဒီလိုမျိုးဖြစ်လာတဲ့အခါ ပြည်သူလူထုတွေကနေ ကျဆုံးသွားတဲ့ ဆုံးရှုံးသွားတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုလိုအပ်တယ်”လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့တဲ့ ဒေသတွေမှာ အရပ်သူတွေကို အဓမ္မပြုကျင့်ပြီး ရက်စက်စွာသတ်ဖြတ်တဲ့ လုပ်ရပ်တွေအပြင် ဖြစ်ရပ်တစ်ခုမှာ အဓမ္မကျူးလွန်ခံရပြီးနောက် သတ်ဖြတ်ခံရသူ အမျိုးသမီးရဲ့ လိင်အင်္ဂါအတွင်း အရာဝတ္တုထိုးသွင်းခဲ့တဲ့ လူမဆန်တဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

တစ်ဖက်မှာ အကျဉ်းထောင်တွေအတွင်း လုံခြုံရေးအကြောင်းပြချက်နဲ့ အကျဉ်းသူတွေနေထိုင်တဲ့ အဆောင်တွေမှာ ဝန်ထမ်းတွေက လုံခြုံရေးကင်မရာတပ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသူတွေကို အမြဲမပြတ်ကြည့်ရှုကာ လိင်ပိုင်းဆိုင်ရာစိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပြောဆိုဆက်ဆံတာတွေလည်း ရှိနေတာပါ။

ဒါ့အပြင် ကာယအိန္ဒြေပျက်ပြားအောင် ရိုက်နှက်တာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ လူမြင် ကွင်းရှေ့မှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမူဆက်ဆံတာ၊ လိင်အင်္ဂါအတွင်းနဲ့ စအိုအတွင်း လက်နဲ့နှိုက်ပြီး ရှာဖွေစစ်ဆေးတာနဲ့ အရှက်သိက္ခာစော်ကားခြိမ်းခြောက်မှုတွေအပါအဝင် နည်းမျိုးစုံ ဖိနှိပ်နေတာလို့ AAPP က ဆိုပါတယ်။

ဒီလိုမျိုး ဆိုးရွားရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်အုပ်စုကို နိုင်ငံတကာတရားဥပ ဒေကြောင်းတွေအရ ထိရောက်တဲ့အရေးယူမှုတွေ အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာအသိုင်း အဝိုင်းကို AAPP က တိုက်တွန်းတောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဖေဖော်ဝါရီအထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုက နိုင်ငံရေးအ ကြောင်းပြချက်နဲ့ အမျိုးသမီး ၅၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သလို အမျိုးသမီး ၈၀၀ ကျော်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ AAPP ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.