သရက်ချောင်း၊ မတ် ၅

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာ ထားဝယ်-မြိတ်ကားလမ်းမပေါ်ကို စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွားအမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ မတ် ၄ ရက်နေ့ ည ၄ နာရီအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စုံစင်ဖျားကျေးရွာဘက်ကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ဗုံးကြဲရာကနေ ဗုံးသီးတစ်လုံး ကားလမ်းမဘေး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ခရီသွား ကားတွေကို ဗုံးစထိမှန်ခဲ့တာပါ။

ဗုံးကြဲခံရတဲ့အတွက် ခရီးသွားကားပေါ်က အသက် ၆၀ အရွယ် မြိတ်အမျိုးသမီး နေရာမှာဘဲ သေ ဆုံးသွားပြီး အသက် ၁၀ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး ၅ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနေ့က စစ်ကောင်စီတပ်ကနေ ရဟတ်ယာဉ်နဲ့ စုံစင်ဖျားရွာလယ်လမ်းမကြီး၊ ပြင်းဖြူသာရွာလမ်းဆုံနဲ့ သဲချောင်းသာကျေးရွာ ပတ်ဝန်းကျင်တွေကို ဗုံး ၁၄ လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ကလည်း ထားဝယ်မြို့နယ်နဲ့သရက်ချောင်းမြို့နယ်ကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်တွေနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် ကင်းရှေ့၊ စော်ဖျား၊ ရောင်းမော်၊ဆေးဖြတ်ကုန်းနဲ့ ကြာအင်းရွာတွေက ဒေသခံတစ်ထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တနင်္သာရီတိုင်း ထားဝယ်၊ တနင်္သာရီ၊ ပုလောနဲ့သရက်ချောင်းမြို့နယ်တို့မှာ တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.