ပုဏ္ဏားကျွန်း၊ မတ် ၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးတပ်စခန်းဖြစ်တဲ့ ခမရ-၅၅၀ တပ်ရင်းအား သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေခံစစ်တွေနဲ့ အပြင်းအထန်ခုခံနေတဲ့ကြားကနေ မနေ့ မတ် ၄ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ ရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်းမရှိ စေတီပြင် တံတားကို တိုက်လေယာဉ် ၂ စီးနဲ့ ၁၂ ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေနဲ့ လက်နက်ခဲယမ်း သိမ်း ဆည်းရမိတဲ့ အခြေအနေကိုတော့ ရက္ခိုင့်တပ်တော်က တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။

ရက္ခိုင့်တပ်တော် AA ဟာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင် ပြည်နယ်က ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့အပါအဝင် မြို့ ၇ မြို့အထိ သိမ်းပိုက်ရရှိထားပါတယ်။

မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ရခိုင်ပြည်နယ်တစ်ခုလုံး လွတ်မြောက်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.