ဖားဆောင်း – မတ် ၅

ကရင်နီပြည်နယ်၊ဘော်လခဲခရိုင် ဖားဆောင်းမြို့ကို တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး အာဏာသိမ်းစစ်ကောင်စီကတော့ အပြင်းအထန်ကာကွယ်နေရတယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဖားဆောင်းမြို့ကို စစ်ကြောင်းထိုးဝင်ရောက်ရာကနေ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

လက်ရှိမှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက် တိုက်ခိုက်နေတယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

” ဖားဆောင်းမှာကတော့ တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ ။ တော်လှန်ရေးတပ်ဖွဲ့တွေကနေပြီးတော့မှ စစ်ကောင်စီတပ်ရဲ့ကင်းပုန်းတွေ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်တဲ့ အနေအထားဖြစ်ပါတယ် ။ သေးစိတ်ကိုတော့ ကျွန်တော်တို့ ပြောလို့မရသေးပါဘူး” လို့သူက ပြောပါတယ်။

တော်လှန်ရေးတပ်တွေဟာ ဖားဆောင်းမြို့နဲ့ တံတားတစ်ခုသာခြားတဲ့ မယ်စဲ့မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် အခုချိန်မှာတော့ ဖားဆောင်းမြို့ကိုပါ ထိန်းချုပ်ဖို့ ကြိုးပမ်းနေ တာဖြစ်တယ်လို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ မြို့ပေါ် ရပ်ကွက်ကိုပါ ဗုံးကြဲတိုက်ခိုက် နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

ဖားဆောင်းဟာ စစ်ရေးအတွက် အလွန်အရေးပါတဲ့ဒေသမဟုတ်ပေမယ့် စစ်ကောင်စီအတွက် တော့ အရေးကြီးတဲ့မြို့ဖြစ်တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။ 

” ဖားဆောင်းက သံလွင်ဘေးမှာရှိတာပေါ့နော်။ပြီးတော့မှ ကျွန်တော်တို့ မယ်စဲ့မြို့နယ်နဲ့ ဖားဆောင်းမြို့နယ်ကို ဆက်ထားတဲ့ သံလွင်တံတားရှိတယ်ပေါ့။အခြေခံအားဖြင့် ဘောလခဲ ခရိုင်ထဲမှာ ပါပြီးတော့ ဘော်လခဲ မြို့ကို ထိုင်းကနေသွားမယ်ဆိုရင် အရေးကြီးတဲ့မြို့တမြို့ ဖြစ်တယ်ပေါ့နော်။စစ်ရေးအရကတော့ ဘော်လခဲမြို့အတွက် စစ်ရေးတံတိုင်းတစ်ခုလို့ သတ်မှတ်လို့ရတယ်” လို့သူက ပြောပါတယ်။

တိုက်ပွဲ ၅ ရက်တာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးအပါ အဝင် ၅ ဦးသေဆုံးထားသလို မြို့ပေါ်က ဒေသခံတွရဲ့ နေအိမ် ၁၁၂၀ ဝန်းကျင်လည်း မီးလောင် ပျက်စီးခဲ့ပြီး အထင်ကရ ဘုန်တော်ကြီး ကျောင်းလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါ တယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.