မော်လမြိုင်၊ မတ် ၅

အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပ ဒေကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာ သိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက် သွင်းခဲ့တာပါ။

စစ်မှုထမ်းဥပဒေ အသက်သွင်းကြောင်း ကြေညာပြီး တစ်လနီးပါးကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထဲ ဝင်ရောက်ခိုလှုံဖို့ နိုင်ငံတဝန်းက လူငယ် ၆၀၀ ကျော် ဆက်သွယ်ခဲ့ပြီး အဲဒီထဲက လူငယ် ၄၀၀ ကျော် ရောက်ရှိလာပြီလို့ သိရပါတယ်။

ဝင်ရောက်ခိုလှုံလာတဲ့ လူငယ်တွေကကိုတော့ KNU သထုံခရိုင်အစီအစဉ်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး နောက်ပိုင်းမှာ သူတိုတွေရဲ့ သဘောဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးသွားမယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

“စိစစ်နေတုန်းပဲ။ သင်တန်းတက်မလား၊ PDF လုပ်မလား၊ ဒီတိုင်းပဲ စစ်မှုမထမ်းချင်လို့ လာခိုလှုံတာလား။ ရွှေ့ပြောင်းမိသားစုတွေပါလာတာလည်း ရှိတာကိုး။ အဲဒါမျိုးတွေကျတော့ သေချာစိစစ်နေတာပေါ့။ ဘာလုပ် ရမလဲဆိုတဲဟာကို ကျွန်တော်တို့က ဒီမှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးဆက်လက် သူတို့ဖြစ်ချင်တဲ့ပုံစံ လုပ်ပေးရမှာပေါ့။ အများအားဖြင့်ကတော့ တော်လှန်ရေးအတွက်လုပ်မယ့်သူက ပိုများတယ်လို့ထင်ပါတယ်” လို့ ဆိုပါတယ်။

KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံလာတဲ့ လူငယ်တွေဟာ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေကတဆင့် ဆက်သွယ်ဝင်ရောက်လာတာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသားအများစုပါဝင်နေကာ အမျိုးသမီးပါဝင်မှု နှစ်ရာခိုင် နှုန်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းဆောင်ရာမှာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့် သင်္ကြန်အပြီး စတင်သွားမယ်လို့ အသိပေးထားပြီး တစ်ပတ်လျှင် လူပေါင်း ၅၀၀၀ ၊ တစ်နှစ် လူပေါင်း ၆၀၀၀၀ အထိ စစ်မှုထမ်းရန် ဆင့်ခေါ်သွားဖို့ စီစဉ်ထားပါ တယ်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ တော်လှန်းရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာ၊ ထိုင်းနိုင်ငံအပါ အဝင် ပြည်ပနိုင်ငံတွေကို တရားဝင်အပြင် တရားမဝင်လမ်းကြောင်းတွေကနေ အလုံးအရင်းနဲ့ ထွက်ခွာတာ တွေ ရှိနေပါတယ်။

ကရင်အမျိူးသားအစည်းအရုံး KNU အပါအဝင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေက စစ်ကောင် စီရဲ့ စစ်မှုထမ်းဥပဒေကို ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ထံ ဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- သထုံခရိုင်PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.