ဂါဇာ ၊ မတ် ၆

ဂါဇာကမ်းမြောင်ဒေသမှာ ကလေးငယ်တွေ အစာရေစာငတ်ပြတ်ပြီး သေဆုံးနေရတယ်လို့ သိရပြီး လူတွေဟာ ဆက်လက်အသက်ရှင်နိုင်ရေးအတွက် သစ်ရွက်တွေနဲ့ တိရိစ္ဆာန်အစား အစာတွေကို စားသုံးနေရတယ်လို့ ကုလသမဂ္ဂက အတည်ပြုထားပါတယ်။

မိသားစုထောင်ပေါင်းများစွာဟာ အစားအစာ ရှာဖွေရေး ခက်ခက်ခဲခဲကြိုးစားနေကြရပြီး ဂါဇာ မြောက်ပိုင်းက ကာမယ်အဒ်ဝင် ဆေးရုံမှာ ကလေးငယ် ၁၀ ဦး သေဆုံးသွားတာဖြစ်တယ်လို့ ကုလသမဂ္ဂက ပထမဆုံးအကြိမ် အတည်ပြုထားတာပါ။

အဲဒီဆေးရုံမှာ အာဟာရပြတ်လပ်မှုနဲ့ ရေဓာတ်ခမ်းခြောက်မှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ် ၁၅ ဦးရှိတယ်လို့ ဟားမာ့စ်ကျန်းမာရေးဝန်ကြီးဌာနကပြောထားပြီး သေဆုံးတဲ့ကလေးငယ်တွေ ထဲမှာ အသက် ၆ လကနေ ၁၀ နှစ်အရွယ်အထိ ပါဝင်တယ်လို့ သိရပါတယ်။

လူမမယ်ကလေးငယ်တွေအနေနဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေအတွက် သောက်ရမယ့်ဆေးတွေ လိုအပ်နေပေမယ့် ဘာတစ်ခုမှ ရှာလို့မရဖြစ်နေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်မယ့် ကုန်တင်ကားတွေကို အစ္စရေးက တားဆီးထားပြီး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ ရပ်တန့်နေချိန် ဂါဇာကမ်းမြောင်ဒေသကို အသက်ကယ်တင်ရေးအကူအညီတွေ ကြန့်ကြာနေဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အကူအညီပေးရေးယာဉ်တန်းဝင်ရောက်လာချိန်မှာ အစ္စရေးတပ်တွေက ယာဉ်တန်းနားမှာ စုပြုံနေတဲ့ လူအုပ်ကို ပစ်ခတ်ခဲ့တာကြောင့် အခြေအနေရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အစောပိုင်းက အစ္စရေးဟာ လူအုပ်တက်နင်းလို့သေဆုံးမှုတွေရှိတာလို့ ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လူအုပ်ကြီးရဲ့ ခြိမ်းခြောက်မှုကြောင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံတကာက ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောဆို ထားသလို အမေရိကန်ကလည်း ဂါဇာကမ်းရိုးတန်းတလျှောက် အကူအညီပစ္စည်းတွေကို မတ် ၂ ရက်နေ့က လေယာဉ်ပေါ်ကနေ ပစ်ချပေးခဲ့တယ်လို့ ပြောထားပါတယ်။

Ref:Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.